DVB Logo
Home
ကျန်းမာရေး
သေမင်းခံတွင်း၀ရောက် အီတလီ လွတ်မြောက်လာတဲ့အကြောင်း 
DVB
·
September 28, 2020
သေမင်းခံတွင်း၀ရောက် အီတလီ လွတ်မြောက်လာတဲ့အကြောင်း 
Donate to DVB

အီတလီကို သရော်ခဲ့သူတွေ အခုတော့ ပြန်ပြီး အန်တုရမယ့်အချိန် ရောက်လာတယ်လို့ ဖော်ရိန်းပေါ်လစီ ဆောင်းပါးရှင်း အဲလိဇဘက်ဘရော်က ရေးထားတာ ဖတ်ရတယ်။ အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဥရောပခရီး ပထမဆုံး ခြေချရာနိုင်ငံ ဖြစ်ခဲ့တယ်။ 

ဇန်နဝါရီမှာ ရောဂါစတွေ့ခဲ့ပြီး မတ်လအရောက်မှာတော့ အီတလီအခြေအနေဟာ အတော်ကို ဆိုးရွားခဲ့တယ်။ ကျန်းမာရေးစနစ် ပြိုလဲမတတ်ဖြစ်ပြီး ကိုဗစ်-၁၉ ကြောင့် သေတဲ့အလောင်းတွေ မြင်မကောင်းလို့ စစ်ကားတွေနဲ့ သုသာန်ချရတဲ့ အခြေအနေအထိ ဖြစ်ခဲ့တယ်။ တနိုင်ငံလုံး ၀ရုန်းသုန်းကား အခြေအနေမို့ အစိုးရဟာ ပြဿနာကို ဘယ်က အစဆွဲရမယ်မှန်း မသိ၊ အလွဲလွဲအမှားမှားတွေ ဖြစ်ခဲ့တယ်။

ဒါပေမဲ့ အခုတော့ အီတလီဟာ ရောဂါကူးစက်မှုကို ဘယ်လောက်အထိ ထိန်းချုပ်နိုင်လဲဆိုရင် ဥရောပမှာ ကိုဗစ် ကပ်ဘေးကို ထိန်းချုပ်ရာမှာ လူတိုင်း တဖွဖွချီးကျူးကြတဲ့ ဂျာမနီနဲ့ ဖင်လန်တို့နီးနီး အခြေအနေကောင်းနေပါတယ်။ လူသေနှုန်း နည်းအောင် စီမံရာမှာ အီတလီကတောင် နှာတဖျားသာနေသေးတယ်။

နိဝါတတရား

အီတလီရဲ့ ပို့ဆောင်ရေးစနစ်ဟာ ဥရောပရဲ့ တခြားနိုင်ငံတွေထက်တောင် ပိုသာနေပါသေးတယ်။ မကြာခင်ကပဲ ရောမမြို့က Fiumicino လေဆိပ်ဟာ ကမ္ဘာမှာ ကိုဗစ်-၁၉ ဘေးအကင်းဆုံး ကြယ်ငါးပွင့်အဆင့် လေဆိပ်အဖြစ် သတ်မှတ်ခံရတယ်။ လေဆိပ်ကနေ ထွက်ခွာကြမယ့် ခရီးသည်တွေ အားလုံးကို ကိုဗစ်-၁၉ စစ်ဆေးပြီး လေယာဉ်ပေါ်မတက်ခင်မှာပဲ ရလဒ်သိရအောင် စီစဉ်ထားတယ်။ အီတလီရဲ့ လေဆိပ်တွေ၊ သင်္ဘောဆိပ်​တွေ၊ ရထား ဘူတာတွေမှာ ဆိုက်ရောက် ခရီးသည်တွေကို ကိုဗစ်-၁၉ စစ်ဆေးပေးနေတယ်။

ဒီတပတ်ထဲမှာပဲ အီတလီက ဗိုင်းရပ်စ်ကင်းတဲ့ လူထုဆန္ဒခံယူပွဲကို အောင်အောင်မြင်မြင် ကျင်းပခဲ့တယ်။ လွှတ်တော်ရွေးကောက်ပွဲတုန်းကအတိုင်းပဲ မဲပေးခွင့်ရှိသူရဲ့ သုံးပုံနှစ်ပုံလောက် မဲထွက်ပေးခဲ့ကြတယ်။ သေမင်းအာခံတွင်း၀ကနေ အီတလီ ပြန်ထွက်လာနိုင်တာ ရောမသားတွေဟာ နိုင်ငံအကျိုးအတွက် မိမိကိုယ်ကို အစွမ်းကုန် ကျိုးနွံနှိမ်ချခဲ့ကြပြီး တနည်းအားဖြင့် နိဝါတတရားကြောင့် ဖြစ်တယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

တာထွက်မကောင်းခဲ့ပေမယ့်

တကယ်တော့ အီတလီရဲ့ နိုင်ငံရေးစနစ်မှာ ဝေဖန်စရာတွေ အများကြီး ရှိပါတယ်။ စနစ်မကျရုံမက၊ မလိုလားအပ်တဲ့ ကြိုးနီစနစ် ရှိနေတာကို အီတလီပညာရှင်​တွေက ဝေဖန်ထောက်ပြလေ့ရှိပါတယ်။ နိုင်ငံရေးစနစ်မှာ စီမံခန့်ခွဲမှု အလွဲတွေကြောင့်ပဲ အီတလီဟာ အကြွေးနွံနစ်ခဲ့ရတာလို့ အီတလျံလူမျိုးပညာရှင် ရောဘတ်တိုဩစီက ၂၀၁၃ ခုနှစ်က ရေးတဲ့ ဆောင်းပါးမှာ ဝေဖန်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်က အမေရိကန် ဘူမိဗေဒအဖွဲ့ရဲ့ သုတေသနပြု တွေ့ရှိချက်အရ ကယ်လီဖိုးနီးယားမှာ လူ ၃ ယောက်၊ အီရန်မှာ လူ ၁၅၀ လောက်ပဲ သေမယ့် ငလျင်ဟာ အီတလီမှာသာဆိုရင် လူ ၃၀၀၀ လောက်အထိ သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အရည်အသွေးညံ့ဖျင်းမှုကို ဝေဖန်တာပါ။ ဒါပေမဲ့ အခုတော့ ကိုဗစ်-၁၉ ကို အီတလီက ရင်ဆိုင်ခဲ့ပုံဟာ ကမ္ဘာကြီးကတောင် ပြန်ပြီးသင်ယူရမယ့်ပုံမျိုး ဖြစ်လာတာကတော့ အံ့ဩစရာလို့ ဆိုရပါတော့မယ်။

ဇန်နဝါရီလမှာ တရုတ်ပြည်ကနေ ပြန်လာတဲ့ ခရီးသွားတယောက်မှာ ရောဂါ စတင်တွေ့ရှိခဲ့ပါတယ်။ ဇန်နဝါရီလအကုန်မှာတော့ အီတလီမှာ အတည်ပြုလူနာ ၂ ဦး ရှိလာပါတယ်။ နောက်ထပ် တလခွဲကျော်ကြာတဲ့အခါမှာတော့ အတည်ပြုလူနာ ၃,၀၀၀ ဖြစ်လာပါတယ်။ အစိုးရက ကျောင်းတွေ၊ တက္ကသိုလ်တွေ ပိတ်လိုက်ပါတယ်။ နောက်ထပ် ရက်နည်းနည်း ကြာတဲ့အခါမှာတော့ နိုင်ငံမြောက်ပိုင်း ဒေသအတော်များများကို လော့ဒေါင်း ကြေညာပါတယ်။ ဒါပေမဲ့ အခြေအနေက နောက်ကျနေပါပြီ။ မတ်လ ၂၂ ရက်နေ့ စာရင်းအရ ကိုဗစ်လူနာပေါင်း ၆ သောင်း ရှိပါတယ်။ စက်ရုံတွေကို ပိတ်ဖို့ အစိုးရက ကြေညာပါတယ်။ လူတွေကို စျေးဝယ်ခွင့်၊ ဆေးဝယ်ခွင့်၊ ဆေးရုံတက်ခွင့်လောက်ကလွဲလို့ ခွင့်မပြုတော့ဘဲ အိမ်မှာပဲ နေခိုင်းပါတယ်။ မတ်လ ၂၆ ရက်နေ့ရောက်တဲ့အခါမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၇၁၂ ဦး ရှိလာပြီး နောက်တရက်ကျတော့ နောက်ထပ် လူ ၉၁၉ ဦး သေဆုံးတယ်လို့ ကြေညာပါတယ်။

ဒုက္ခပင်လယ်ဝေနေတဲ့ အီတလီဟာ ဥရောပမိတ်ဆွေတွေရဲ့ စွန့်ပစ်ခြင်းကိုပါ ခံလိုက်ရတယ်လို့ ဆိုရပါမယ်။ တရုတ်နဲ့ ရုရှားတို့ဆီက ဆေးဝါးပစ္စည်း အကူအညီတွေသာ မရရင် အီတလီ ကံကြမ္မာဟာ မတွေးရဲစရာပါပဲ။ သူတို့နိုင်ငံ ဒုက္ခတွင်းထဲ ထိုးဆင်းနေချိန်မှာ ရောမသားတွေဟာ လသာဆောင်ပေါ် လွမ်းတေးဆိုရုံပဲ တတ်နိုင်တာဟာလည်း ကြေကွဲစရာ ကောင်းပါတယ်။ ဒါပေမဲ့ အခု အီတလီအခြေအနေက လွန်ခဲ့တဲ့ ၆ လနဲ့ မတူတော့ပါဘူး။ ၁၄ ရက်အတွင်း လူ ၁ သိန်းမှာ ကိုဗစ်-၁၉ လူနာ ၃၄ ဦးပဲ ပေါ်ပါတယ်။ စပိန် (၃၁၁)၊ ပြင်သစ် (၁၉၃) တို့နဲ့ နှိုင်းယှဉ်ကြည့်ရင် အီတလီဟာ ဘယ်လောက် အခြေအနေကောင်းသွားသလဲ သိနိုင်ပါတယ်။ ဒီအချိန်မှာ လူတိုင်းပါးစပ်ဖျား ရေပန်းစားနေတဲ့ ဂျာမနီက နှစ်ပတ်အတွင်း လူတစ်သိန်း လူနာ ၂၆ ဦး ပေါ်ပါတယ်။

မှန်ပါတယ်။ အီတလီမှာ ကိုဗစ်ကြောင့် သေဆုံးရသူ အခုအချိန်ထိ စုစုပေါင်း သုံးသောင်းခွဲကျော် ရှိပါတယ်။ ဒါပေမဲ့ အစမှာ ဖရိုဖရဲဆန်တဲ့ အီတလီဟာ နတ်ရေကန်ထဲ ပစ်ချလိုက်သလိုမျိုး ပြောင်းလဲသွားတာကိုတော့ အတုယူရပါမယ်။

တာဝန်သိစိတ်နဲ့ ရဲရဲရင်ဆိုင်

သေရေး ရှင်ရေး ကြုံတဲ့အခါမှာ အီတလီ အစိုးရနဲ့ ပြည်သူတွေ ညီညွတ်ခဲ့ကြလို့ပါပဲ။ အီတလီဟာ ဥရောပမှာ ပထမဆုံး ကိုဗစ်-၁၉ ကပ်ဘေးကို ကြုံတဲ့နိုင်ငံဖြစ်လို့ အစမှာ အစိုးရကလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ခဲ့ရပါတယ်။ အပိတ်အပင်၊ အကန့်အသတ်တွေ လုပ်ပေမယ့် အချိန်နှောင်းခဲ့တာမျိုး ဖြစ်ခဲ့ပါတယ်။ အဆိုးဆုံးပြဿနာက အီတလီဟာ ဗဟိုချုပ်ကိုင်မှု လျှော့ချထားတဲ့စနစ် ကျင့်သုံးတာကြောင့် ထုတ်ပြန်တဲ့အမိန့်တွေ မတူကြပါဘူး။ မြေပုံမပါတဲ့ ခရီးမှာ ဆရာများ သားသေ အခြေအနေကြောင့် နောက်ဆုံးမှာတော့ ဗဟိုအစိုးရက ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ အမိန့်အရ အပြင်ထွက်ရင် လူတိုင်း နှာခေါင်းနဲ့ ပါးစပ်စည်းကို မဖြစ်မနေဝတ်ရပါတယ်။ မဝတ်ရင် ဒဏ်ရိုက်ပါတယ်။ အစိုးရထက် ပိုပြီး အရေးကြီးတာက ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှုမှာပဲ။ ပြည်သူတွေအချင်းချင်း ကိုယ်ထူကိုယ်ထ ကွန်ရက်တွေအဖြစ် ချိတ်ဆက်ထားပြီး အိမ်နီးနားချင်း သက်ကြီးရွယ်အိုတွေအတွက် စျေးဝယ်ပေးတာ၊ ပင်စင်ငွေကို ထုတ်ပေးတာမျိုးကို ကူညီပေးကြပါတယ်။ အီတလီတွေဟာ နဂိုကတည်းက စည်းကမ်းဥပဒေတွေထက်၊ ကိုယ်ပိုင် တာဝန်သိစိတ်ကို အားပြုတဲ့လူမျိုး ဖြစ်တာကလည်း ဒီလို အရေးကြုံလာတဲ့အခါမှာ အားသာချက် ဖြစ်လာတယ်လို့ ဆိုရပါမယ်။ အခြေအနေကို သဘောပေါက်တယ်ဆိုရင်ပဲ ရောမသားတွေရဲ့ တာဝန်သိစိတ်ဟာ အလိုလို နှိုးထလာပါတာပဲလို့ အေဂျီအိုင်သတင်းဌာနရဲ့ အယ်ဒီတာဂီယမ်ပါလိုရိုင်ဒီက ဆိုပါတယ်။ နိုင်ငံသားတွေရဲ့ အလိုလို တာဝန်သိစိတ်မျိုးဟာ ဆွီဒင်မှာလည်း တွေ့ရပါတယ်။ ဆွီဒင်မှာ  အစိုးရက တင်းကျပ်တဲ့ ပိတ်ဆို့မိန့်တွေကို မထုတ်ဘဲ အကြံပြုချက်လောက်ပဲ ထုတ်ခဲ့ပါတယ်။ အစမှာ ဆွီဒင်ရဲ့ သေဆုံးမှုဟာ မြင့်တက်ခဲ့ပေမယ့် အခုတော့ ကူးစက်မှု ကျဆင်းနေပါပြီ။

အိုဘားမား အစိုးရလက်ထက်မှာ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲမှု အေဂျင်စီမှာ ထိပ်တန်း အရာရှိဖြစ်တဲ့ ခရိတ်ဖျူးဂိတ်က အကျပ်အတည်းကာလမှာ အစိုးရအနေနဲ့ ပြည်သူကို ဝန်ထုပ်ဝန်ပိုးအနေနဲ့ သဘောမထားဘဲ အရင်းအမြစ်အဖြစ် သဘောထားဖို့ လိုတယ်လို့ ပြောပါတယ်။ ပြဿနာကို ရင်ဆိုင်တဲ့အခါမှာ အစိုးရက လူထုကို အထက်ကနေ အမိန့်ပေးတာမျိုးထက်စာရင် ပြည်သူတွေ အားနည်းနေတဲ့အပိုင်းကို အစိုးရ ကူညီအားဖြည့်ပေးပြီး အတူတူ ဖြတ်ကျော်မယ်ဆိုရင် လူထုက ပိုပြီး ထိထိရောက်ရောက်၊ စိတ်ပါလက်ပါ ပါဝင်လာမယ်လို့ ဆိုပါတယ်။

အီတလီဟာ ပြိုလဲနေတဲ့ဘ၀ကနေ တာဝန်သိစိတ်တွေကြောင့် ပြန်လည်ရုန်းထနိုင်ခဲ့ပါတယ်။ အခုအချိန်မှာ အီတလီအတွက် မေးခွန်းက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး မဟုတ်တော့ပါဘူး။ ကိုဗစ်-၁၉ ကြောင့် အထိနာသွားတဲ့ စီးပွားရေးကို ပြန်လည်နာလံထအောင် ဘယ်လို ကြိုးစားကြမလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ကိုရိုနာကပ်ဘေးမှာ အီတလီ အစိုးရနဲ့ ပြည်သူဟာ အခက်အခဲကို ရဲရဲရင်ဆိုင် - “embrace the chaos” ဆိုတဲ့  စိတ်ဓာတ်နဲ့ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြပါတယ်။ ဒီလိုစိတ်ခွန်အားတွေဟာ စီးပွားရေး နာလန်ထရေးအတွက် အင်အားတရပ် ဖြစ်လာမှာပါ။ ပြည်သူလူထုရဲ့အင်အားဟာ အရေးကြီးပါတယ်။ နေရာတကာ ပြည်သူ့အားချည်းပဲလို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည်သူ့အားမပါဘဲနဲ့ ဘယ်အောင်မြင်မှုမှ ပြီးပြည့်စုံမှာ မဟုတ်ဘူးဆိုတာ အီတလီက သက်သေပြနေပါတယ်။

နေသွင်ညိဏ်း

ရည်ညွန်း- How Italy Snatched Health from the Jaws of Death BY ELISABETH BRAW

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013