
ဇွန် ၁၉ ရက် ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို စစ်အာဏာရှင်က လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက နိုင်ငံတဝန်းက ပြည်သူလူထုတွေ၊ တော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီ လိုလားသူတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်နေသူတွေ စုပေါင်းဆင်နွှဲနေကြပါတယ်။
စစ်တပ်က အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ဒီကနေ့ ဇွန် ၁၉ ရက်မှာ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ စစ်အာဏာရှင်က လုံခြုံရေးတင်းကျပ်ထားပြီး နှင်းဆီလှုပ်ရှားမှုကို ဖြိုခွင်းဖို့ စောင့်နေကြတဲ့ အခြေအနေရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ရန်ကုန်မြို့ခံ အမျိုးသမီးတယောက်က “မနက်ကတည်းက လမ်းပေါ်မှာ ပတ်နေတယ်။ တချို့လည်း အရပ်ဝတ်တွေနဲ့ စောင့်ကြည့်နေတာတွေရှိတယ်" လို့ DVB ကို ပြောပါတယ်။
ရန်ကုန်မှာ လုံခြုံရေးတင်းကျပ်ထားပေမဲ့ တော်လှန်ပြည်သူတွေအနေနဲ့ နှင်းဆီလှုပ်ရှားမှုအပြင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဒီကနေ့ မနက်အစောပိုင်းက မြောက်ဒဂုံမြို့နယ်က ဘေလီတံတားထိပ် ဗိုလ်ချုပ်ကြေးရုပ်မှာ "81 for 81 အမေစု ချက်ချင်းလွှတ်" စာတန်းပါ ဗီနိုင်းချိတ်ဆွဲပြီး ဆန္ဒပြခဲ့သေးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဲဒီဆန္ဒပြမှုကို "ပစ်တိုင်းထောင်လေးများ သပိတ်အဖွဲ့" က ဦးဆောင်ပြီး လုပ်ဆောင်ခဲ့တာလို့ အဆိုပါအဖွဲ့က အသိပေးထားပါတယ်။










