ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော်စမွီကျွန်းပေါ်မှာ နိုင်ငံခြားခရီးသွားဧည့်သည်တွေ တည်းခိုတဲ့အခန်းမှ ပစ္စည်းတွေ လိုက်လံခိုးယူနေတဲ့ မြန်မာအလုပ်သမား လူငယ် ၃ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင်က ကော်စမွီကျွန်း မရိတ်ရပ်ကွက်ရှိ အပန်းဖြေအိမ်ရာတွေမှာ လာရောက်တည်းခိုနေတဲ့ နိုင်ငံခြားသား မိသားစုဝင် ၂ စုက သူတို့အခန်းထဲက ပစ္စည်းတွေ ပျောက်ဆုံးနေကြောင်း၊ အခိုးခံရတယ်လို့ ယူဆကြောင်း ဘော်ဖုဒ့်နယ်မြေရဲစခန်းမှာ လာရောက်တိုင်တန်းထားတယ်လို့ ဘော်ဖုဒ် ရဲတပ်ဖွဲ့ က သတင်းထောက်တွေကို ပြောပါတယ်။
ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ပစ္စည်းပျောက်တဲ့အခန်းနဲ့ အနီးနားတဝိုက်က စီစီကင်မရာတွေကို လိုက်လံစစ်ဆေးရာမှာ ပစ္စည်းခိုးသူတွေဟာ ဘန်လမိုင်းရပ်ကွက်ထဲက ရေကူးကန် တည်ဆောက်ဆဲ လုပ်ငန်းမှာ ပန်းရန်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေဆိုတာ သိလိုက်ရပါတယ်။
အဲဒီနောက် ဘန်လမိုင်းဘုန်းကြီးကျောင်းအနောက်က ဆောက်လုပ်ရေး အလုပ်သမားတန်းလျားကို ဇူလိုင် ၁၂ ရက် ညသန်းခေါင်လောက်မှာ သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တယ်၊ ခိုးမှုကျူးလွန်သူ လူငယ် ၃ ယောက်မှာ ညီညီလင်းထွန်း (၁၈ နှစ်)၊ မိုက်သက်ထွေး (၁၈ နှစ်) နဲ့ သက်နိုင်ထွန်း (၁၇ နှစ်) တို့ဖြစ်ပြီး ညီညီလင်းထွန်းမှာ ရဲတွေမြင်တော့ ထိတ်လန့်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ ပြန်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ ၃ ယောက်ကို လူခွဲပြီး စစ်ဆေးမေးမြန်းရာမှာ တူညီသော ဖြောင့်ချက်တွေနဲ့ ခိုးမှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တယ်။ အဲဒီနောက် သူတို့ဝှက်ထားတဲ့ ခိုးရာပါ ပစ္စည်း ၁၅ မျိုးကို ပြန်ပေးပါတယ်။ အဲဒီထဲမှာ Bluetooth စပီကာ၊ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ စိန်လက်စွပ်၊ နားကပ်၊ တန်ဖိုးကြီး နာရီ၊ တက်ဘလက် Tablet၊ တီဗွီ၊ လျှပ်စစ်ပစ္စည်း၊ ဒရုန်း (Drone) စတဲ့ အသုံးအဆောင်တွေအပြင် ဝက်အူချောင်း၊ ဝက်သားချပ်၊ ဟင်းချက်ဆီ စတဲ့ စားသောက်ကုန်ပစ္စည်းတွေ ပါဝင်တယ်။ စုစုပေါင်းတန်ဖိုး ဘတ် ၁ သန်းလောက်ရှိတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က သူတို့ ခိုးမှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ မော်တော်ဆိုင်ကယ် ၂ စီးကိုလည်း သိမ်းဆည်းလိုက်ပါတယ်။
ပစ္စည်းခိုးခံရတဲ့ နိုင်ငံခြားသားမိသားစုတွေကို ခေါ်ပြရာမှာ သူတို့ကလည်း အဲဒါတွေဟာ ပျောက်သွားတဲ့ သူတို့ပစ္စည်းတွေလို့ ထောက်ခံပြောဆိုခဲ့တယ်၊ ကလေးတွေကလည်း သူတို့ ကစားဖို့ တက်ဘလက်တွေပြန်ရလို့ ပျော်နေကြတယ်လို့ ဆိုပါတယ်။
တရားခံ လူငယ် ၃ ယောက်ကို သူတို့ဟာ ရေကူးကန် ဆောက်လုပ်ရေးမှာ ပန်းရန်လုပ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးဖို့အပြင် ပျော်ပါးလည်ပတ်ဖို့ ငွေလိုတာကြောင့် ပစ္စည်းတွေ လိုက်ခိုးရကြောင်း၊ အဲဒီပစ္စည်းတွေကို ဇူလိုင် ၉၊ ၁၀၊ ၁၁ နေ့ရက်တွေမှာ ခိုးယူခဲ့တယ်လို့ ဖွင့်ဟဝန်ခံသွားပါတယ်။
တာဝန်ရှိသူတွေက အဆိုပါလူငယ် ၃ ယောက်ကို ညအချိန်မတော် ဆိုင်ကယ်အသုံးပြုပြီး သူတပါး ပစ္စည်းအား ခိုးယူမှု၊ ခိုးရာပါပစ္စည်း လက်ခံမှုတွေနဲ့ အရေးယူအပြစ်ပေးကာ အမည်ပျက်စာရင်းသွင်းပြီး ပြည်နှင်ဒဏ်ပေးသွားမယ်လို့ ပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။
Source: MGROnline










