
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁၁ ယောက် သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
မတ် ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၃ ယောက်၊ ကလေး ၂ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
မြေပြင်ကူညီဆောင်ရွက်ပေးသူတယောက်က “ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုများခဲ့တယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂ ယောက်အပါအဝင် ၁၁ သေဆုံးခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့ တလအတွင်း လေးမျက်နှာမြို့နယ်က ၆ ယောက်၊ သာပေါင်းမြို့နယ်က ၂ ယောက်၊ ရေကြည်မြို့နယ် ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်က အရပ်သားတယောက်က “လယ်ထဲ၊ ယာထဲတောင် မသွားရဲတဲ့အထိ ဖြစ်နေတယ်။ စစ်တပ်ရဲ့ လေကြောင်းနဲ့ဗုံးကြဲမှုတွေက တရက်ထက်တရက် ပိုဆိုးလာတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့တလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဧရာဝတီတိုင်းထဲမှာ အရပ်သား ၁၄ ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူတွေလည်း ပါဝင်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံး ထိခိုက်သူ အရေအတွက်ဟာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေ ဖြစ်ပြီး တကယ့်မြေပြင်မှာ အခုထက် များနိုင်တယ်လို့ ဆိုပါတယ်။











