DVB Logo
Home
မြန်မာသတင်း
ဗုံးကြဲခံရသည့် အိန္ဒိယဈေး ပိတ်ထားရသဖြင့် ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါးဖြစ်
ကေခိုင်
·
October 14, 2026
Photo: AA
Photo: AA
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်ရှိ အိန္ဒိယဈေး ဗုံးကြဲခံရပြီးနောက်ပိုင်း ဒေသတွင်း ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါး ဖြစ်နေပြီး ဒီဈေးကို မှီခိုနေရတဲ့ ရခိုင်က ပြည်သူတွေဟာ လက်ရှိမှာ ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်နဲ့အတူ စားဝတ်နေရေး အခက်အခဲကြုံနေကြရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က ကျောက်တော် အိန္ဒိယဈေး ဗုံးကြဲခံရတဲ့ ဖြစ်စဉ်မှာ လူရာချီ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့ ပါတယ်။

ဒီဖြစ်စဉ်အပြီး ဒီကနေ့ အောက်တိုဘာ ၁၄ ရက်အထိ ဈေးကို ယာယီပိတ်ထားရတာဖြစ်ပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာပါ။

ကျောက်တော်မြို့ အိန္ဒိယဈေးဟာ အိန္ဒိယက ရောက်ရှိလာတဲ့ ကုန်စည်တွေကို ရခိုင်ပြည်အနှံ့ လက်လီ၊ လက်ကား ဖြန့်ချိတဲ့ ဈေးကြီးတခုဖြစ်ပြီး ရခိုင်တပြည်နယ်လုံးအတွက် အရေးပါတဲ့ ကုန်စည်အရင်းအမြစ် ဖြစ်လာနေတာပါ။

ဒါပေမဲ့လည်း လက်ရှိမှာ ဈေးပိတ်ထားရတဲ့အတွက် ရောင်းဝယ်ဖောက်ကားမဲ့နေရာမရှိ ဖြစ်နေပြီး ကုန်တင်ကုန်ချလုပ်ကိုင်နေသူ ၇၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။

လေကြောင်းအန္တရာယ်ကို စိုးရိမ်တဲ့အတွက် ကုန်သွယ်‌ရေးလုပ်ငန်းတွေကို ဆက်လုပ်ဖို့ဆိုတာ မသေချာသေးဘူးလို့ ကုန်သည် အမျိုးသမီးတယောက်က ပြောပါတယ်။

“ကုန်စည်စီးဆင်းမှု အခြေအနေက တော်တော့ကို လျော့သွားတယ်လို့ ပြောရမယ်။ အစ်မတို့လို အမြဲတမ်းသွားနေတဲ့ ကုန်သည်တွေတောင် မသေချာ မ‌ရေရာဘူး ဖြစ်သွားတယ်။ လေကြောင်းရန်ကို ကြောက်ကြတော့ ဒီနေ့နဲ့ မနက်ဖြန်ဆိုတာ မသေချာဘူး ဖြစ်နေတယ်ပေါ့နော်။ ကုန်ချရတဲ့ပုံစံကလည်း အရင်ကလို ဈေးမှာမ‌ရောင်းရတော့ အိမ်ကို ကိုယ်တိုင်သွားရောင်းရတယ်။ အရင်က ၃ ဒိုင်လောက်ရောင်းရရင် ခုက တဒိုင်လောက်ကိုပဲ ရောင်းရတော့တယ်။ အဆင်မပြေတာ ပိုများသွားတယ်ပေါ့နော်။ ဒါကြောင့် ကုန်ချတဲ့သူတွေလည်း နည်းသွားတယ်။ ၇၀ ရာခိုင်နှုန်း လောက်တောင် လျော့သွားတယ်လို့ ပြောရမှာပါ။ အစ်မတို့က ပိုက်ဆံလည်း ရင်းထားရသလို အသက်ကိုလည်း ရင်းပြီး လုပ်စားနေကြရတာပါပဲ။”

ရခိုင်မှာ တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ်ကစပြီး စစ်အာဏာရှင်တပ်က ပြည်မဘက်ကလာတဲ့ ကုန်စည်လမ်းကြောင်းတွေကို ပိတ်ထားတဲ့အတွက် အိန္ဒိယနယ်စပ်ကလာတဲ့ ကုန်စည်တွေဟာ ဒေသခံတွေအတွက် အဓိက အသက်သွေးကြော ဖြစ်လာခဲ့တာပါ။

လက်ရှိမှာ ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်တန့်လာနေတဲ့အတွက် ကုန်ပစ္စည်းရှားပါးမှုနဲ့အတူ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေမှာ နေ့စဉ်နဲ့အမျှ မြင့်တက်နေပါတယ်။

အရင်က ကြက်ဥတလုံး ၅၀၀ ကျပ်ကနေ လက်ရှိမှာ ၇၀၀ ကျပ်၊ ကြက်သွန်နီ တပိဿာ ၁၀,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်အထိ ဈေးနှုန်းတွေ တရိပ်ရိပ် မြင့်တက်လာနေပါတယ်။

ခုလိုအခြေအနေတွေကြောင့် ကုန်သည်တွေသာမက အဲဒီဈေးကို မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ အခြေခံ လက်လုပ်လက်စားသမားတွေနဲ့ စစ်ဘေးရှောင်တွေအတွက်တော့ ရိုက်ခတ်မှု ပိုကြီးမားလာနေပါတယ်။

ဒေသခံတယောက်က “အဲဒီဈေး ပိတ်ထားတဲ့အခါမှာ အဲဒီဈေးကို မှီခိုပြီးတော့ ရောင်းဝယ်ဖောက်ကားမဲ့ နေရာက မရှိတော့ဘူး ဖြစ်သွားတယ်လေ။ အဲဒါကြောင့် ဒေသထဲမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်သွားတယ်။ နောက်တခုက အဲဒီဈေးကို မှီခိုပြီးတော့မှ လုပ်ကိုင်စားသောက်နေတဲ့ တုတ်တုတ်မောင်းတဲ့ မိသားစုတွေ ရှိတယ်၊ ကားမောင်းတဲ့ မိသားစုတွေ ရှိတယ်။ ဘေးတွဲမောင်းတဲ့ မိသားစုတွေ၊ ကုန်ထမ်း ကုန်အငှားလိုက်တဲ့ အဲလိုမျိုး မိသားစုတွေ အများကြီးရှိတယ်။ သူတို့ရဲ့ စားဝတ်နေရေးက တော်တော်လေး ခက်ခဲသွားတာကို တွေ့ရတယ်။ ဟိုးအရင်ကတည်းက စုထားတဲ့ ပစ္စည်းတွေကတော့ လက်ရှိအချိန်ထိတော့ အနည်းအကျဉ်း မျှမျှတတ လုံလောက်မှုရှိတယ်လို့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ ရေရှည်အနေနဲ့ ဒီအတိုင်းသာ ဈေးကြီးကို ပိတ်ထားမယ် ဆိုရင်တော့ ဒေသထဲမှာ တော်တော်လေး ခက်ခက်ခဲခဲ ဖြစ်လာမဲ့ဟာတော့ မြင်နေရတယ်” လို့ ပြောပါတယ်။

တဖက်မှာလည်း စစ်အာဏာရှင်တပ်ရဲ့ လေယာဉ်အုပ်စုလိုက်နဲ့ နေ့စဉ်ရက်ဆက် ဗုံးကြဲနေမှုတွေကြောင့် ရခိုင်က ပြည်သူတွေဟာ အိမ်အပြင်ထွက်ဖို့ကိုတောင် စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ နေနေကြရပါတယ်။

ခုလိုအခြေအနေတွေကြောင့် လုပ်ကိုင်စားသောက်ဖို့အတွက်ကိုတောင် ရှေ့တိုးရမလား၊ နောက်ဆုတ်ရမလား မရေရာမှုတွေနဲ့ ဝေခွဲမရ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ရခိုင်တပြည်နယ်လုံးအတွက် မှီခိုအားထားနေရတဲ့ ဈေးကြီး ပိတ်ထားတဲ့အတွက် ဒေသတွင်း ကုန်စည်စီးဆင်းမှုကိုသာမက ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ အခြေခံစားဝတ်နေရေးကိုပါ ထိခိုက်မှုတွေ များစွာရှိနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013