
ကလေးအကျဉ်းထောင်အတွင်း ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်၊ ခွဲခြားဆက်ဆံ မှုတွေနဲ့ ထောင်အာဏာပိုင်တွေရဲ့ အကျင့်ပျက် လာဘ်စားမှုကြောင့် နိုင်ငံရေးအကျဉ်းသား အယောက် ၅၀ အပါအဝင် အကျဉ်းသား ၈၀ လောက် အရေးပေါ် ပြင်ပဆေးရုံ တက်ရောက်ကုသဖို့ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်က ကလေးမြို့ ပြည်သူ့ဆေးရုံကြီးက ဆရာဝန်ကြီးတွေ ထောင်အတွင်း ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ရင်း အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသဖို့ လိုအပ်သူ အကျဉ်းသား အယောက် ၈၀ ရှိကြောင်း အတည်ပြုခဲ့တာပါ။
အကျဉ်းသားအယောက် ၈၀ ထဲမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၅၀ ပါဝင်ပေမဲ့ လက်ရှိ အချိန် အထိ ၉ ယောက်သာ ပြင်ပဆေးရုံ တက်ရောက်ခွင့်ရပြီး နိုင်ငံရေးအကျဉ်းသား ၄ ယောက်ပဲ ကုသ ခွင့်ရတာပါ။
အရေးပေါ် ဆေးကုသမှု လိုအပ်ပေမဲ့ ထောင်အာဏာပိုင်တွေဘက်က အကျဉ်းသား အယောက် ၁,၀၀၀ အတွက် အကျဉ်းသားတယောက် တလ ကျပ် ၁,၀၀၀ နဲ့ ဆေးဖိုး ကျပ် ၁၀ သိန်းလောက်ပဲ ဘတ်ဂျက် ခွဲဝေပေးထားတဲ့အတွက် ထောင်အတွင်း ပါရာစီတမောနဲ့ စီဗစ်လို အခြေခံဆေးတွေပဲ ရှိပြီး လိုအပ်နေတဲ့ ဆေးဝါးတွေ မရဘဲ မလုံလောက်တဲ့အပြင် အသက်အန္တရာယ်ရှိတဲ့ လူနာတွေ အတွက် အရေးပေါ် အောက်ဆီဂျင်နဲ့ ကုသရေး အထောက်အကူပြု ပစ္စည်းတွေလည်း မရှိဘူးလို့ PPNM က ပြောပါတယ်။
အရေးပေါ်လိုအပ်နေတဲ့ဆေးတွေ မရှိတဲ့ ကလေးထောင်အတွင်းမှာ နှလုံးရောဂါ၊ သွေးအန်ရောဂါ၊ သွေးတိုးနဲ့ ဆီးချိုရောဂါ ခံစားနေရတဲ့ အကျဉ်းသားတွေ အများအပြားရှိနေကာ ဆေးကုသခွင့်နဲ့ ဆေးဝါးဝယ်ယူစရိတ်တွေကို အကျဉ်းသားမိသားစုတွေကသာ စိုက်ထုတ်ပေးနေတာလို့ သိရ ပါတယ်။
နယ်ဝေးကနေ လာရောက် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ မိသားစုတွေနဲ့ အဆက်အသွယ် မရတဲ့အပြင် အပြင်ဆေးရုံ တက်ရောက်ရရင် စားသောက်စရိတ်နဲ့ ဆေးဝါးစရိတ် တွေအတွက် ပိုမိုကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။
ထောင်အတွင်း နှလုံးရောဂါဖောက်ပြီး လူနာတွေ အခြေအနေဆိုးနဲ့ ကြုံတွေ့ရရင် အသုံးပြုဖို့ အသက်ရှူကိရိယာနဲ့ ကုသရေး အထောက်အကူပြုပစ္စည်း မရှိဘဲ ၁၂ မိုင်လောက်ကွာဝေးတဲ့ ကလေးမြို့ ပြည်သူ့ဆေးရုံကို သွားရောက်ပို့ဆောင်ရာမှာ လမ်းခုလတ်မှာ သေဆုံးရတာတွေလည်း ရှိခဲ့ပါတယ်။
မကြာသေးခင်က အသက် ၂၅ နှစ်မှ ၃၀ နှစ်ကြား ရာဇဝတ်အကျဉ်းသားတယောက် အောက်ဆီဂျင် ပြတ်ပြီး ပြင်ပဆေးရုံကို အရောက်မှာ အသက်ရှူကျပ် သေဆုံးခဲ့တယ်။
အခြေအနေ ဆိုးရွားနေတာကို ပြင်ပဆေးရုံ တက်ရောက်ခွင့်ရရှိဖို့ ထောင်အာဏာပိုင်အဆင့်ဆင့်ကို ငွေကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ လာဘ်ငွေပေးနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်က ပြောပါတယ်။
ထောင်အာဏာပိုင်တွေ ခွင့်ပြုချက်ရမှသာ ပြင်ပဆေးရုံ တက်ရောက်ခွင့် ရရှိပေမဲ့ လုပ်ထုံး လုပ်နည်း တွေကို အလွဲသုံးစားပြုပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှု ပုဒ်မ ၁၉(က) နဲ့ ထောင်ဒဏ်ကျခံထားရတဲ့ စီးပွားရေးသမားတွေနဲ့ ရာဇဝတ်အကျဉ်းသားတချို့ ဘာရောဂါမှ မရှိဘဲ လာဘ်ငွေပေးပြီး ပြင်ပဆေးရုံမှာ သွားရောက်နေထိုင်ခွင့် ရရှိနေတယ်လို့ ဆိုပါတယ်။
ပိုက်ဆံမတတ်နိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေမှာ ရောဂါမသက်သာသေးဘဲ ထောင်တွင်းကို ပြန်ခေါ်ဆောင်ခံရသလို ဆေးကုသခွင့် အခွင့်အရေး လုံးဝ မရရှိဘဲ ၁ နှစ်မှ ၂ နှစ်အထိ စောင့်ဆိုင်းနေကြရတာပါ။
ကလေးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကို လျစ်လျူရှုပြီး လာဘ်ငွေတောင်းခံ ဆေးကုသခွင့် ငြင်းပယ်နေတဲ့ လုပ်ရပ်တွေဟာ အကျဉ်းထောင်ဥပဒေကို ချိုးဖောက် ပြစ်မှုကျူးလွန်ရာရောက်ကြောင်းနဲ့ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားပြုနေကြတဲ့ ထောင်အာဏာပိုင်တွေ တာဝန်ခံမှုရှိရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။











