
ဧရာဝတီတိုင်း၊ မအူပင်မြို့ အမှတ် ၁ ရပ်ကွက်မှာ ဦးနှောက်အမြှေးပါးရောင်ပြီး ဆေးကုသခံယူနေတဲ့ ၁၆ နှစ်ရွယ် မိန်းကလေး တစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတယ်လို့ သိရပါတယ်။
ဆေးကုသခံနေတဲ့ အမျိုးသမီးဟာ ဦးနှောက်အမြှေးပါးရောင်တဲ့အတွက် မကြာခဏ သတိလစ်တာ၊ တက်တာဖြစ်တဲ့အတွက် မအူပင်ခရိုင်ပြည်သူဆေးရုံကြီးမှာ ဆေးကုသမှုခံယူပြီး ပြန်လည် သက်သာလာတာကြောင့် ဆေးရုံမှ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
စက်တင်ဘာ ၁၈ နေ့မှာ သတိလစ်တာ၊ တက်တာတွေ ထပ်မံဖြစ်ပွားတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသနေပြီး ကျန်းမာရေးအရ ဆေးစစ်ရာ စက်တင်ဘာ ၂၁ ရက် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မအူပင်မြို့ခရိုင် ပြည်သူ့ဆေးရုံက အတည်ပြုပြောကြားပါတယ်။
အတည်ပြု လူနာနဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင် ၉ ဦးကို မအူပင်တက္ကသိုလ်ရှိ Quanatine Center မှာထားရှိသလို မအူပင်ခရိုင်ပြည်သူဆေးရုံကြီးက လူနာနဲ့ တွေ့ခဲ့တဲ့ ဆရာဝန်နဲ့ ဝန်ထမ်း ၆ ဦးကိုလည်း မအူပင်ဆေးရုံရှိ ကွာရန်တင်းစင်တာမှာ ထားရှိပါတယ်။
သူတို့ဆီကနေ ဓာတ်ခွဲ နမူနာတွေကိုရယူပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပေးပို့စစ်ဆေးမယ်လို့ မအူပင်ခရိုင်ပြည်သူ့ဆေးရုံ လက်ထောက်ဆရာဝန်ကြီး ဒေါက်တာစန်းဦးက ပြောပါတယ်။
သတင်း - ထူးထူး (ဗိုလ်ကလေး)










