
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်စစ်ပွဲမှာ ဘေးကရပ်ကြည့်နေရင်းနဲ့ တရုတ်နိုင်ငံဟာ အနိုင်ရပြီး အကျိုးဖြစ်ထွန်းနေတယ်လို့ Axios သတင်းဌာနက သုံးသပ်ပါတယ်။
ဒီပဋိပက္ခကြောင့် တရုတ်ဟာ ကျည်တတောင့်မဖောက်၊ ငွေတပြားမကုန်ဘဲ သူ့ရဲ့ သံတမန်ရေး ဩဇာလွှမ်းမိုးမှုနဲ့ စွမ်းအင်ကဏ္ဍကို ပိုပြီးအားကောင်းလာစေခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကိုလည်း အနီးကပ် လေ့လာခွင့် ရခဲ့ပါတယ်။
အမေရိကန်ဟာ အီရန်စစ်ပွဲအတွက် ပစိဖိတ်ဒေသက ဒုံးကျည်တွေကို ရွှေ့ပြောင်းသုံးစွဲခဲ့ရတဲ့အတွက် တိုမာဟော့ခ်နဲ့ ပက်ထရီးယော့ အပါအဝင် လက်နက်အမြောက်အမြား လျော့ပါးသွားခဲ့ပါတယ်။
ဒါဟာ ထိုင်ဝမ်ကို ကျူးကျော်ဖို့ ပြင်ဆင်နေတဲ့ တရုတ်စစ်ဗျူဟာမှူးတွေအတွက် အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်ရေးနည်းဗျူဟာတွေကို အလကားလေ့လာခွင့် ရလိုက်တာလည်း ဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုတွေကြောင့် နိုင်ငံတွေဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုပြီး အားထားလာကြပါတယ်။
ကမ္ဘာ့နေရောင်ခြည်၊ လေအားနဲ့ လျှပ်စစ်ကား (EV) ထောက်ပံ့မှုကွင်းဆက်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို တရုတ်က ပိုင်ဆိုင်ထားလို့ သူတို့အတွက် အကျိုးအမြတ် ပိုရစေပါတယ်။
တရုတ်ကိုယ်တိုင်ကလည်း စွမ်းအင်လိုအပ်ချက်ရဲ့ ၈၅ ရာခိုင်နှုန်းကို ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်စွမ်း ရှိနေပါတယ်။
သံတမန်ရေးမှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ကို ဗုံးကြဲမယ်လို့ ခြိမ်းခြောက်နေချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင် ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့ တိတ်တဆိတ် ကူညီပေးနေပါတယ်။
အမေရိကန်က အာရှက မဟာမိတ်တွေဆီက ဒုံးခွင်းစနစ်တွေကို အရှေ့အလယ်ပိုင်းကို ရွှေ့ပြောင်းလိုက်တယ်လို့ နိုင်ငံရေးစောင့်ကြည့်လေ့လာသူ အီယန် ဘရမ်မာက ထောက်ပြပါတယ်။
ဒါကြောင့် အာရှက မဟာမိတ်နိုင်ငံတွေကြားမှာ အမေရိကန်ရဲ့ လုံခြုံရေးအာမခံချက်အပေါ် သံသယတွေ ဝင်လာစေပါတယ်။
အရှေ့အလယ်ပိုင်းက ဉာဏ်ရည်တု (AI) ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေ စစ်ပွဲကြောင့် ရပ်တန့်သွားတာဟာလည်း ကမ္ဘာ့ဒုတိယအကြီးဆုံး AI စွမ်းရည်ပိုင်ဆိုင်ထားတဲ့ တရုတ်အတွက် အခွင့်အရေးတခု ဖြစ်လာပါတယ်။
ဒါ့အပြင် အမေရိကန် အသုံးပြုနေတဲ့ အတိအကျ ပစ်ခတ်နိုင်တဲ့စနစ် (precision guidance systems) တွေအတွက် လိုအပ်တဲ့ မြေရှားသတ္တု ထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းကိုလည်း တရုတ်ကပဲ ထိန်းချုပ်ထားပါတယ်။
ဒါပေမဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှု ကြာလာရင် ဥရောပနဲ့ အာရှမှာ စွမ်းအင်အကျပ်အတည်းဖြစ်ပြီး တရုတ်ရဲ့ ပို့ကုန်တွေကို ထိခိုက်လာနိုင်ပါတယ်။
ဒါကြောင့် တရုတ်တာဝန်ရှိသူတွေကလည်း ဒီစစ်ပွဲကို အမြန်ဆုံး ပြီးဆုံးစေချင်တယ်လို့ ပြောထားပါတယ်။
အမေရိကန်က စိတ်လိုက်မာန်ပါ လုပ်နေချိန်မှာ တခြားနိုင်ငံတွေက တရုတ်ကို တည်ငြိမ်တဲ့နိုင်ငံအဖြစ် ရှုမြင်လာတာကိုတော့ တရုတ်ဘက်က သဘောကျနေပါတယ်။
အချုပ်ပြောရရင် ဒီစစ်ပွဲကနေ အကျိုးအမြတ် အများဆုံးရသွားတဲ့ နိုင်ငံဟာ ကျည်တတောင့်မှ မဖောက်ခဲ့ရတဲ့ တရုတ်နိုင်ငံပဲ ဖြစ်တယ်လို့ Axios သတင်းမှာ သုံးသပ်ထားပါတယ်။











