DVB Logo
Home
မြန်မာသတင်း
ကျောက်တော်မြို့နယ်က စစ်ဘေးရှောင် ၁၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ လိုအပ်နေ
DVB
·
September 18, 2020
ကျောက်တော်မြို့နယ်က စစ်ဘေးရှောင် ၁၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ လိုအပ်နေ
1 / 5
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်  ကျေးရွာ ၆ ရွာကနေ ကျောက်တော်မြို့မဟာမုနိ ဘုရားရင်ပြင်ကို ထွက်ပြေးခိုလှုံလာတဲ့ ဒေသခံ ၁၀၀၀ ကျော်ရှိလာလို့ စားနပ်ရိက္ခာအပါအဝင် နေထိုင်ဖို့ အခက်အခဲဖြစ်နေပါတယ်။

ကျောက်တော်မြို့နယ် မျောက်တောင်၊ သာစည်၊ အလယ်ကျွန်း၊ ကျောက်ဂူစု၊ ရွှေပြည်သစ်၊ ရွှေပြည်ဟောင်းကျေးရွာတွေက ဒေသခံတွေဟာ မဟာမုနိဘုရားကို စက်တင်ဘာ ၁ ရက်နေ့ကနေ ၈ ရက်အထိ ၉၄၃ ဦး ရောက်ရှိလာကြပြီး စက်တင်ဘာ ၉ ရက်မှ ၁၇ ရက်အတွင်း ရောက်ရှိလာသူ ၄၁၈ ဦး၊ စုစုပေါင်း ၁၃၆၁ ဦးထိ ရှိလာနေပြီလို့ ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူ ဦးသန်းထွန်းက ပြောပါတယ်။ 

“ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ တော်တော်များလာတယ်။ နေဖို့နေရာရော၊ အိပ်ဖို့နေရာရော လုံးဝအဆင်မပြေတော့ဘူး။ ပြွတ်သိပ်ပြီးတော့ နေနေကြရတယ်။ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်များတယ်။ သက်ကြီးပိုင်းတွေ ပါလာတော့ ပိုပြီးတော့ အခက်တွေ့တာပေါ့။ ရိက္ခာတွေကလည်းပြတ်နေပြီ၊ ဘာမှမရှိတော့ဘူး။ အရမ်းကို အခက်အခဲဖြစ်နေကြတယ်။”

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကနေ ၈ ရက်နေ့ထိ ထွက်ပြေးရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကူညီထောက်ပံ့ပေးမှုတွေ ရှိခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း ထောက်ပံ့မှုတွေ မရရှိတော့တာကြောင့် အခက်အခဲကြုံလာရတယ်လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က “ကျနော်ဆီကို အဲ့ဒီသတင်းမရသေးဘူး။ တကယ်လို့ ရောက်လို့ ရှိရင် ကူညီကယ်ဆယ်ဖို့အတွက် လုပ်ပေးရမှာပေါ့။ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနကို ကူညီဖို့ သတင်းပို့ပေးပါမယ်” လို့ ပြောပါတယ်။

ရွာတွေထဲ တပ်မတော်သားတွေ ဝင်လာပြီး  သေနတ်တွေနဲ့  ခြောက်လှန့်ပစ်ခတ်တာတွေကြောင့် ကျေးရွာ ၆ ရွာက ဒေသခံတွေ မနေရဲကြတော့ဘဲ အခုလို ထွက်ပြေးလာကြတာလို့ ရွှေပြည်ဟောင်းကျေးရွာက ထွက်ပြေးလာသူတွေက ပြောပါတယ်။

ကျေးရွာသားတွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ဗိုလ်မှူးချုပ် ရဲရင့်အောင်တို့ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013