
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၄ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ဖားကန့်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က အတည်ပြုပြောကြားခဲ့ပါတယ်။
"Positive လေးဦးတွေ့ပါတယ်။ Facility Quarantine ထားတဲ့သူတွေထဲက တွေ့တာပါ။"
ဖားကန့်မြို့နယ်မှာ စက်တင်ဘာ ၉ ရက်နေ့က ကိုဗစ်-၁၉ ကူးစက်ခံရသူကို စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး အဆိုပါ ပိုးတွေ့လူနာဟာ ရခိုင်ပြည်နယ်ကနေ ဖားကန့်ကို ပြန်လည်ရောက်ရှိလာသူလို့ သိရပါတယ်။
ပထမဆုံး ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ တောင်ပြို ကျေးရွာက လူနာအမှတ် ၁၇၁၂ လူနာဟာ ၂၁ ရက်ကြာ ဖားကန့်မြို့နယ်မှာ နေထိုင်ပြီးမှ သက်ဆိုင်ရာကျန်းမာရေးဌာနနဲ့အုပ်ချုပ်ရေးတို့က Facility Quarantine ဝင်ခိုင်းပြီး နှာခေါင်းနဲ့ ဖတ်အာခေါင်တို့ဖတ် စစ်ဆေးစဉ် ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တာလို့ သိရပါတယ်။
အခု ဒုတိယအကြိမ် ကူးစက်ခံရသူတွေ ၄ ဦးဟာ ဓာတ်ခွဲနမူနာယူစစ်ဆေးထားတဲ့ ၁၀၇ ဦးထဲက ဖြစ်ပြီး လူနာ အမှတ် ၁၇၁၂ နဲ့ ထိတွေ့ခဲ့သူတွေလို့ ဖားကန့်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှု ဆောင်ရွက်ရေးကော်မတီဝင် ဦးမောင်ကွန်းက ပြောပါတယ်။
"ပထမလူနာနဲ့ထိစပ်တဲ့ မိသားစုဝင်တွေထဲကပါ။ တောင်ပြိုရွာကပေါ့။ တောင်ပြိုကျေးရွာ ဗုဒ္ဓယဉ်ကျေးမှု မူကြိုကျောင်းမှာ အသွားအလာကန့်သတ်ပြီး Quarantine ဝင်နေသူတွေထဲကပါ။"
ပိုးတွေ့လူနာ ၄ ဦးဟာ အသက် ၃၉ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ၅၃ နှစ်၊ ၂၃ နှစ်နဲ့ ၃၂ နှစ်အရွယ် အမျိုးသမီးသုံးဦးတို့ဖြစ်ပြီး တောင်ပြိုရွာမှာ နေထိုင်သူတွေလို့ သိရပါတယ်။
တောင်ပြိုကျေးရွာမှာ ပထမဆုံး ကိုဗစ်-၁၉ လူနာအမှတ် ၁၇၁၂ တွေ့ရှိပြီးနောက် စက်တင်ဘာ ၁၀ ရက်နေ့နောက်ပိုင်း ကျေးရွာတခုလုံးကို အသွားအလာကန့်သတ်ထားရှိခဲ့ပြီး ဆက်စပ်သူ ၄၆ ယောက်ကိုလည်း Facility Quarantine ထားရှိခဲ့တယ်လို့ သက်ဆိုင်ရာက သိရပါတယ်။
ဖားကန့်မြို့နယ်မှာ စက်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီအထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၅ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။
ပိုးတွေ့လူနာတွေ သွားလာနေထိုင်ခဲ့တဲ့နေရာတွေ၊ ထိတွေ့ဆက်ဆံခဲ့သူတွေကို ကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးဌာနတို့က လိုက်လံစာရင်းကောက်ယူပြီး သတ်မှတ်ထားတဲ့ Quarantine စခန်းတွေကို ပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ဖားကန့်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီးထံက သိရပါတယ်။
သတင်း-ဇော်မိုးထက် (ဖားကန့် )










