
ပြီးခဲ့တဲ့ရက်ပိုင်းက ဘန်ကောက် ဒင်ဒဲန်းနယ်မြေထဲမှာ ထိုင်းနိုင်ငံသား မဟုတ်သူတွေအတွက် ထုတ်ပေးထားတဲ့ ပန်းရောင်မှတ်ပုံတင်ကတ် မသမာတဲ့နည်းနဲ့ ထုတ်ပေးနေတာတွေ စစ်ဆေးတွေ့ရှိတဲ့နောက်ပိုင်း ဘန်ကောက် တခရိုင်လုံးရှိ နယ်မြေပေါင်း ၅၀ က မှတ်ပုံတင်ရုံးတွေမှာပါ အဆိုပါ ကတ်ပြားထုတ်ပေးမှုတွေကို ၁၀ နှစ် နောက်ကြောင်းပြန် ပြန်လည်စစ်ဆေးဖို့ ဘန်ကောက်မြို့တော်ဝန်က ညွှန်ကြားလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း ပန်းရောင်ကတ် ထုတ်ပေးမှုတွေမှာ မသမာမှု၊ လာဘ်ပေး လာဘ်ယူမှုတွေ ပြန်လည်စိစစ်ဖို့ သက်ဆိုင်ရာကို ညွှန်ကြားထားကြောင်း ဘန်ကောက်မြို့တော်ဝန် နိုင်းချာ့ချတ်ဆစ်ထိဖန်းက ဩဂုတ် ၂၀ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
၇ ဂဏန်း ထိပ်စည်းနဲ့စတဲ့ ပန်းရောင်မှတ်ပုံတင်ကတ်ပြားဟာ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ နိုင်ငံခြားသား၊ ရွှေ့ပြောင်းလုပ်သား ကလေးတွေအတွက် ထုတ်ပေးတာဖြစ်တယ်။ ဒါပေမဲ့ အဲဒီကလေးတွေရဲ့ အချက်အလက်တွေကို မသမာတဲ့နည်းနဲ့ အလွဲသုံးစားလုပ်တာ ရှိနေတယ် (မှတ်ပုံတင်နံပါတ် တခုတည်းကို တခြားအမည်တွေနဲ့ ထပ်မံရောင်းစားခြင်း)၊ မိဘအတု၊ ကလေးအတု၊ အကောင့်အတု လုပ်ပြီး အိမ်ထောင်စုစာရင်းတခုခုထဲကို အမည်ထည့်သွင်းတယ်၊ ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်ခွင့်ရဖို့ အဲဒီအချက်အလက် စာရွက်စာတမ်းတွေ အသုံးပြုတယ်၊ ဒါ့အပြင် ဗဟိုအိမ်ထောင်စုစာရင်းထဲကနေ တခြားနေရပ်လိပ်စာရှိ အိမ်ထောင်စုစာရင်းထဲ ထည့်ဝင်ရာမှာ ဥပမာ ဒင်ဒဲန်းနယ်မြေရှိ အိမ်ရာမှာ လူဦးရေ ၄၀ ကနေ ၄၅ ယောက်ထိ ထည့်ထားတာဟာဆိုရင် ပုံမှန်ဖြစ်မနေဘူး၊ အသေးစိတ် ပြန်လည်စိစစ်ရမယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
ဒင်ဒဲန်းနယ်မြေထဲမှာဆိုရင် တရားမဝင် ပန်းရောင်ကတ် ထုတ်ပေးရာမှာ တာဝန်ရှိတဲ့ အစိုးရဝန်ထမ်း ၄ ယောက်ကို စစ်ဆေးအရေးယူဖို့ ရာထူးကနေ ခဏရပ်နားထားတယ်၊ တခြားနယ်မြေတွေမှာလည်း ဒီလိုမသမာမှုမျိုး ရှိ၊ မရှိ နောက်ကြောင်းပြန်စစ်ဖို့ ညွှန်ကြားထားတယ်၊ စစ်ဆေးတွေ့ရှိချက်ကို မူလက စက်တင်ဘာ ၁ ရက်မှာ အစီရင်ခံဖို့ အကြောင်းကြားထားပေမဲ့ ပဏာမ တွေ့ရှိချက်တွေကို ဩဂုတ် ၂၁ ရက်မှာ အစီရင်ခံဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
နောက်ကြောင်းပြန် စစ်ဆေးချက်မှာ ၂၀၁၇ ခုနှစ်က စပြီး ဒီနေ့ထိ ၁၀ နှစ်ကာလ အချက်အလက်တွေ ဖြစ်တယ်၊ ဒင်ဒဲန်းနယ်မြေမှာတော့ ၂၀၂၄ ခုနှစ်ကစ သံသယဖြစ်စရာတွေ မြင့်တက်လာခဲ့တယ်၊ ဒါ့အပြင် ငွေကြေးစီးဆင်းမှုလမ်းကြောင်း၊ ပွဲစားနဲ့ ဝန်ထမ်းတွေကြား ငွေပေးချေမှုဟာ အဂတိလိုက်စားမှုအတွက် အချက်အလက်တွေ ဖြစ်တယ်၊ ပြင်ပအဖွဲ့အစည်း အထူးသဖြင့် ရဲတပ်ဖွဲ့ဝင်တွေပါ ဝင်ရောက်စိစစ်ပေးရင် စုံစမ်းစစ်ဆေးမှု ပိုမြန်ပြီး ပိုပြီးနက်ရှိုင်းတဲ့ အချက်အလက်တွေ ရမယ်၊ အိမ်တအိမ်မှာ လူဦးရေ ၁၅ ယောက်ထက် ပိုနေတာ၊ တရက်အတွင်း အိမ်ထောင်စုစာရင်းထဲ လူတွေအများကြီး ရွှေ့ပြောင်းလာတာတွေဟာ ပုံမှန်မဟုတ်တာကြောင့် စစ်ဆေးရမယ်လို့ ပြောပါတယ်။
အမျိုးသားတယောက်က နိုင်ငံခြားသူအများအပြား (၅ - ၆ ဦး) နဲ့ လက်ထပ်တာတွေဟာ ကလေးအဖေအတု ဖြစ်နိုင်တာတွေကြောင့် ထပ်မံစိစစ်ရမယ်၊ ပြဿနာမဖြစ်ခင် ကြိုတင်ကာကွယ်တဲ့စနစ်ကို ချမှတ် ဆောင်ရွက်ရမယ်၊ အဂတိလိုက်စားမှု၊ ဆုံးရှုံးမှုတွေ မကျယ်ပြန့်ခင် တာဝန်ရှိသူတွေ အနေနဲ့ ပုံမှန်မဟုတ်တဲ့ အချက်တွေကို အချိန်မီ ဖော်ထုတ်ရမယ်လို့ ဘန်ကောက်မြို့တော်ဝန်က ပြောသွားပါတယ်။
Source: Khaosod News











