
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၀၄ ဦးထပ်မံ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာပေါင်း ၃,၂၉၉ ဦးအထိရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်အရ သိရပါတယ်။
လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁,၀၉၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၄၄၀ ခု ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၄၇၅ ခု အပါအဝင် ဓာတ်ခွဲနမူနာပေါင်း ၂,၂၄၄ ခုကို ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၁၀၄ ဦးတွေ့ရှိရတာပါ။
မနေ့ညကလည်း အတည်ပြုလူနာသစ် ၁၈၀ ဦး ထပ်တွေ့ပြီး ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၆ ဦး ရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၅ ရက် ဒီနေ့မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃,၂၉၉ ဦး၊ သေဆုံးသူ ၃၂ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၇၉၀ ဦး နဲ့ စောင့်ကြည့်လူနာအသစ် ၂၁၀ ဦးရှိပါတယ်။











