တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင်းမြို့မှာ မြေပြိုမှုဖြစ်လို့ လူ ၈ ယောက် သေဆုံးပြီး ၃၄ ယောက် ပျောက်ဆုံးနေဆဲပဲလို့ နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ဇူလိုင် ၁၈ ရက်မှာထုတ်ပြန်ပါတယ်။
သမ္မတ ရှီကျင့်ဖျင်က ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးလုပ်ဆောင်ဖို့ အမိန့်ပေးခဲ့ပြီး မြေပြိုရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီမြေပြိုမှုကြောင့် တောင်အောက်မှာရှိတဲ့ လူနေအိမ်အများအပြား ပြိုကျပျက်စီးခဲ့ရပြီး အနီးနားဝန်းကျင်က ဒေသခံ ၁,၀၀၀ ကျော်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနကတော့ အဆင့်-၂ အရေးပေါ်တုံ့ပြန်မှုကို စတင်လိုက်ပြီး အဖွဲ့ဝင် ၁၀၀ ပါတဲ့ ကယ်ဆယ်ရေးအဖွဲ့တဖွဲ့ကို အခင်းဖြစ်ပွားရာနေရာကို စေလွှတ်ထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။










