
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇွန် ၉ ရက် ညဦးပိုင်းက စစ်အာဏာရှင်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေစကြိုမြို့နယ် သတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက “ရေစကြိုမြို့ပေါ်က ရုံးပေါင်းစုံနဲ့ စစ်မှုထမ်းဟောင်းရုံးတွေမှာ တပ်စွဲထားတဲ့ စစ်သားတွေက အဲဒီနေ့ ည ၉ နာရီဝန်းကျင်မှာ လက်နက်ကြီးတွေနဲ့ ၄ ကြိမ်လောက် ပစ်ခဲ့တယ်။ လက်နက်ကြီးကျည်တွေက ရေစကြိုနယ် တောင်ဘက်ပိုင်းက ရွာတွေထဲကျပြီး ပြည်သူ ၂ ယောက် သေဆုံးတယ်လို့ ကနဦး သတင်းရရှိထားပါသေးတယ်” လို့ ပြောပါတယ်။
အခုရက်ပိုင်းမှာ ရေစကြိုမြို့နယ်ထဲကို စစ်တပ်ဘက်က မြေပြင် စစ်ကြောင်းထိုးတာ မရှိသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း မရှိဘူးလို့ ဆိုပါတယ်။
ရေစကြိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီနေ့ ည ၉ နာရီလောက်မှာဗျာ စစ်ကြောင်းထိုးတာတွေ တိုက်ပွဲတွေ မရှိဘဲနဲ့ ရေစကြိုမြို့ပေါ်မှာ တပ်စွဲနေတဲ့ စခတွေက လက်နက်ကြီးနဲ့ ရမ်းထုတယ်။ ဖိုက်တာတစီးနဲ့လည်း ဗုံးတလုံး ကြဲသွားသေးတယ်။ ဗုံးကြဲခံရပြီး လက်နက်ကြီးကျတဲ့ရွာက ရေစကြိုနယ် တောင်ဘက်ပိုင်းမှာရှိတဲ့ သမန္တပို့ရွာပါ။ အိမ်တချို့ ပျက်စီးသွားပြီးတော့ သေဆုံးသွားသူတွေက အသက် ၂၀ နဲ့ ၃၀ ကြား အမျိုးသား ၂ ယောက်ပါ” လို့ DVB ကို ပြောပါတယ်။
ဇွန် ၈ ရက် ညပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ရေစကြိုမြို့၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလွင်မျိုးအောင် (ခေါ်) ငလွင်နဲ့ သားဖြစ်သူ ပျူစောထီးအဖွဲ့ဝင် ရဲမာန်တို့ ၂ ယောက်ကို သူတို့ရဲ့ နေအိမ်အတွင်း သွားရောက်ပစ်ခတ်ရှင်းလင်းပြီးနောက်မှာ စစ်တပ်ဘက်က အခုလို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။











