DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်းပေါင်း ၁၂၀,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ပစ်ခတ်ဖမ်းမိ
DVB
·
September 13, 2020
ကျပ်သိန်းပေါင်း ၁၂၀,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ပစ်ခတ်ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ကျပ်သိန်းပေါင်း ၁၂၀,၀၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ပစ်ခတ်ဖမ်းဆီးရတယ်လို့ မူးယစ်ဆေးအလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက မွန်ပြည်နယ်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်း၊ သက္ကောရွာနားမှာ Honda Fit အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးဖို့ တားဆီးရာမှာ မောင်းနှင်ထွက်ပြေးလို့ သေနတ်နဲ့ ပစ်ခတ်တားဆီးခဲ့ပါတယ်။

ကားဘီးတွေ ထိမှန်ပြီး ရပ်တန့်လို့ စစ်ဆေးရာမှာတော့ ခန့်ဇော်ကို၊ ရဲထက်လွင်နဲ့ ညီမွန်ဦးတို့ ၃ ယောက်ကို အိုက်စ် ၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄,၈၄၀ ပြား (တန်ဖိုးငွေကျပ် ၃,၈၄၂ သိန်း) နဲ့ အတူ ဖမ်းမိခဲ့ပါတယ်။

သူတို့ကို စစ်ဆေးဖော်ထုတ်ချက်အရ အဲဒီမူးယစ်ဆေးတွေ ယူဆောင်လာတယ်ဆိုတဲ့ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရတနာသိင်္ခလမ်းနေ အေးဝင်းနိုင်(ခ)ဝတုတ်ရဲ့ နေအိမ်ကို အဲဒီနေ့ ညနေပိုင်းမှာ ရှာဖွေခဲ့ပြီး မြေအောက်ခန်းထဲက စိတ်ကြွရူးသွပ်ဆေးပြား ၉၄၃,၄၀ဝ ပြား၊ ဘိန်းဖြူ ၁၀၈ ကီလိုကျော်၊ ကတ်တမင်း ၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေမှုန့် ဝ.၄၅ ကီလို (တန်ဖိုးငွေကျပ် ၁၀ဝ,၈၅၅ သိန်း)ကို ထပ်ပြီး သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါတွေဟာ သြဂုတ် ၁၉ ရက်က ဝေါလေမြို့၊ ဝေါလေ-မြဝတီသွားကားလမ်း၊ သဲဖြူချောင်းကျေးရွာနားမှာ ဖမ်းဆီးရမိခဲ့တဲ့ အမှုက မူးယစ်ဆေးပိုင်ရှင် အောင်ကျော်လတ်(ခ)မောင်လတ်ကနေ ထိုင်းငွေ ၁၃၀,ဝဝဝ ဘတ်ပေးပြီး သိမ်းဆည်းခိုင်းထားတာလို့ ပေါ်ပေါက်ခဲ့ပါတယ်။

ဒီအမှုအတွက် ခန့်ဇော်ကို(ခ)ခန့်ကို(ခ)ဘယ်ကျော်၊ ရဲထက်လွင်၊ ညီမွန်ဦး(ခ)ညီညီ၊ အေးဝင်းနိုင်(ခ)ဝတုတ်၊ အောင်ကျော်လတ်(ခ)မောင်လတ်တို့ကို ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

စက်တင်ဘာ ၁၁ ရက်ညပိုင်းမှာပဲ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ ပင်လည်ဘူး-ဖောင်းပြင်သွားလမ်း၊ ဝါးဘိုးချောင်းကျေးရွာနားမှာ သတင်းအရ ဇင်မင်းထွေးမောင်းနှင်ပြီး အိုက်လောင် လိုက်ပါလာသည့် HINO DUTRO VAN အမျိုးအစားကွန်တိန်နာယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာမှာ မော်တော်ယာဉ်ကြမ်းခင်းအံဝှက်ထဲကနေ ဘိန်းဖြူ ၉ ဒသမ ၄၅ ကီလို(တန်ဖိုးငွေကျပ် ၇,၅၆၀ သိန်း)သိမ်းဆည်းရမိခဲ့ပါတယ်။

သူတို့ကို စစ်ဆေးဖော်ထုတ်ချက်အရ အဲဒီမူးယစ်ဆေးတွေယူလာခဲ့တယ်ဆိုတဲ့ သီပေါမြို့နယ်၊ စံလောင်းကျေးရွာက သီဟကိုလည်း ဆက်လက်ဖမ်းဆီးရမိခဲ့တာကြောင့် ဇင်မင်းထွေး၊ အိုက်လောင်နဲ့ သီဟ တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ဖောင်းပြင်-ဗန်းမောက်ကားလမ်း၊ မြောက်လွင်ကျေးရွာနားမှာ အမျိုးသားတယောက်မောင်းနှင်လာတဲ့ CYGNUS အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာမှာ ပိတ်ဆို့ရပ်ထားတဲ့ စစ်ဆေးရေးအဖွဲ့ရဲ့ ဆိုင်ကယ် ၃ စီးကို တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားပါတယ်။

ဒါကြောင့် ပစ်ခတ်ဖမ်းဆီးရာမှာ မော်တော်ယာဉ် နောက်ဘီးတွေကိုကျည်ဆန်ထိမှန်ပြီး လမ်းဘေးထိုးကျ ကားမှောက်ခဲ့ပေမယ့် ယာဉ်မောင်းက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

အဲဒီကားရဲ့ နောက်ခန်းမှာ ဆာလာအိတ်တွေနဲ့ထည့်ထားတဲ့ ဘိန်းဖြူ ၉ ဒသမ ၅၇ ကီလို(တန်ဖိုးငွေကျပ် ၉,၅၇၀ သိန်း) သိမ်းဆည်းရမိခဲ့တာကြောင့် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013