DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကို အလယ်တန်းကျောင်း တိုက်ခိုက်မှုတွင် ဒုကျောင်းအုပ် သေဆုံး၊ ၃ ဦး ဒဏ်ရာရ
DVB
·
October 3, 2026
Photo:Reuters
Photo:Reuters
Donate to DVB

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း၊ ကိုဝီလာပြည်နယ်၊ တိုရီယွန်မြို့၊ လာအူညွန်နယ်မြေက အမှတ် ၁၃ အစိုးရအလယ်တန်းကျောင်းမှာ အောက်တိုဘာ ၁ ရက်က  တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့တာကြောင့် ဒုတိယကျောင်းအုပ် သေဆုံးပြီး လူ ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။

ဒါဟာ ဒီနိုင်ငံမှာ သိပ်ပြီး ဖြစ်လေ့ဖြစ်ထမရှိတဲ့ ရှားရှားပါးပါး ကျောင်းတွင်းအကြမ်းဖက်မှု ဖြစ်ရပ် တခု ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို အဲဒီကျောင်းက ကျောင်းသားဟောင်းတွေဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် ညီအစ်ကို ၂ ယောက်က လုပ်ဆောင်ခဲ့တယ်လို့ သံသယရှိရပြီး ၂ ယောက်စလုံးကို ဖမ်းဆီးထားပြီလို့ ပြည်နယ် ရှေ့နေ ဖက်ဒရီကို ဖာနန်ဒက်စ် ဂိုမက်ဇ်က ပြောပါတယ်။

အဲဒီကျောင်းကို ရွေးချယ်ခဲ့ရတာက သူတို့အိမ်နဲ့ နီးပြီး သူတို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ကျောင်း ဖြစ်နေတာ ကြောင့်လို့လည်း သူက ဆိုပါတယ်။

ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သံသယရှိ တိုက်ခိုက်သူ ၂ ယောက်ဟာ ကျောင်းထဲကို ဓားရှည်တွေ၊ လက်လုပ် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ ဝင်ရောက်လာခဲ့ကြတာပါ။

ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ မိုလိုတိုကော့တေးဗုံးတွေနဲ့ သေနတ်တွေသုံးတယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ လက်တွေ့မှာတော့ အဲဒီတိုက်ခိုက်မှုတွေကို ချွန်ထက်တဲ့ လက်နက် တွေနဲ့သာ လုပ်ဆောင်ခဲ့တာလို့ ပြည်နယ်ရှေ့နေက အတည်ပြုပါတယ်။

ပေါက်ကွဲသံတွေ ကြားလို့ ကျောင်းထဲကို ဝင်ရောက်လာကြတဲ့ ဒေသခံတွေက သံသယရှိသူ ၂ ယောက်ကို ဖမ်းဆီး ချုပ်နှောင်ထားခဲ့ကြပြီး အာဏာပိုင်တွေ အရောက်လာချိန်မှာ လွှဲပြောင်း ပေးခဲ့တယ်လို့ ရပ်ကွက်နေ ဒေသခံတယောက်က မီဒီယာတွေကို ပြောပါတယ်။

ဒဏ်ရာရသွားတဲ့ လူ ၃ ယောက်ကတော့ ဆေးဝါးကုသမှု ခံယူနေကြပြီလို့ ဖက်ဒရယ် လုံခြုံရေး ဝန်ကြီးဌာနက ပြောပါတယ်။

မက္ကဆီကိုနိုင်ငံမှာ အကြမ်းဖက်မှု အများစုဟာ ရာဇဝတ်ဂိုဏ်းတွေနဲ့ပဲ သက်ဆိုင်နေတာများပြီး စာသင်ကျောင်းတွေအပေါ် တိုက်ခိုက်မှုတွေ သိပ်ဖြစ်ပွားလေ့ မရှိပါဘူး။ ဒါပေမဲ့ မကြာသေးတဲ့နှစ်တွေ အတွင်းမှာတော့ နာမည်ကြီး ဖြစ်ရပ်တချို့ ရှိခဲ့ဖူးပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013