
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရဲ့ ပထမဦးဆုံး ကိုဗစ်-၁၉ လူနာအမှတ် ၁၇၁၂ နေထိုင်ခဲ့တဲ့ တောင်ပြိုကျေးရွာကို စက်တင်ဘာ ၁၁ ရက် ည ၇ နာရီခွဲအချိန်က Lock down ချလိုက်တယ်လို့ သိရပါတယ်။
လူနာအမှတ် ၁၇၁၂ ဟာ ရောဂါမတွေ့မီ ၂၁ ရက်ကြာ တောင်ပြိုကျေးရွာမှာ နေထိုင်ခဲ့တာကြောင့် ကျေးရွာနေပြည်သူတွေက ကိုဗစ်-၁၉ ရောဂါပိုး မပြန့်ပွားဖို့ရည်ရွယ်ပြီး အခုလို Lock down ချလိုက်တယ်လို့ တောင်ပြိုကျေးရွာတာဝန်ခံ ဦးသန်းရွှေက ပြောပါတယ်။
“တောင်ပြိုကျေးရွာမှာ ပိုးတွေ့လူနာ တွေ့တယ်ဆိုတော့ ရောဂါအပြင်ကို မပြန့်ပွားနိုင်အောင် Lock down ချရတာပါ။ စားဝတ်နေရေးက အရေးကြီးတယ်ဆိုတော့ ရွာထဲက စျေးဆိုင်တွေကိုတော့ ဖွင့်ခွင့်ပေးထားပြီး တောင်ပြိုကျေးရွာကသူတွေပဲ ဝယ်ခွင့်ပြုထားပါတယ်။ အခြားရွာက သူတွေကိုတော့ Lock down ဧရိယာ သတ်မှတ်ထားတဲ့အတွက် ရွာထဲကို စျေးဝယ်လာလို့ မရပါဘူး။ မလိုအပ်ဘဲနဲ့ အပြင်မထွက်ဖို့လည်း နှိုးဆော်ထားပါတယ်။”
ဖားကန့်မြို့နယ်၊ တောင်ပြိုကျေးရွာမှာ အိမ်ထောင်စု ၃၄၈ စုနဲ့ လူဦးရေ ၁၈၀၀ ကျော်နေထိုင်ကာ လူနာ အမှတ် ၁၇၁၂ နဲ့ အဓိကထိစပ်သူ အယောက် ၂၀ ကို ကျေးရွာ မူကြိုကျောင်းမှာ Facility Quarantine ထားရှိပြီး ကျေးရွာနေ ၃၆ ဦးရဲ့ Swab တွေကို ရယူစစ်ဆေးထားတယ်လို့ သိရပါတယ်။










