ကျို့စိန်အထည်ချုပ်စက်ရုံတွင် ပိုးတွေ့လုပ်သား ၄ ဦးအထိ ရှိလာ
DVB
·
September 12, 2020
လုပ်သား ၃၇၀၀ ကျော်လုပ်ကိုင်နေတဲ့ လှိုင်သာယာငွေပင်လယ်စက်မှုဇုန်က ကျို့စိန်အထည်ချုပ်စက်ရုံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ပိုးတွေ့လုပ်သား ၄ ဦးအထိ ရှိလာတယ်လို့ သိရပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၁ ရက်နေ့ညပိုင်းအထိ ပိုးတွေ့လူနာစာရင်း ထုတ်ပြန်ချက်တွေအရ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန်မှာရှိတဲ့ ကျို့စိန်အထည်ချုပ်စက်ရုံမှာ ပိုးတွေ့လုပ်သား ၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၄ ဦးအထိ ဖြစ်လာတာပါ။
ဒီစက်ရုံက လက်ရှိ ရန်ကုန်တိုင်းမှာရှိတဲ့ ပိုးတွေ့လူနာတွေ ထွက်ပေါ်ခဲ့တဲ့ စက်ရုံအလုပ်ရုံတွေထဲမှာ ကူးစက်မှု ၄ ဦးအထိ အများဆုံးတွေ့ရှိလာတဲ့ စက်ရုံဖြစ်ပြီး၊ ဒီ ၄ ဦးနဲ့ ထိတွေ့သူ ၁၇၀ ဦးကို Quarantine သွင်းထားပါတယ်။
လက်ရှိ စက်ရုံကိုတော့ ပိုးသတ်တာတွေ လုပ်ဆောင်ပြီး ဆက်လက် လုပ်ငန်းလည်ပတ်ခွင့်ပြုထားတယ်လို့ လှိုင်သာယာအနောက်ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် စက်ရုံ ၁၀ ရုံလောက်အထိ ပိုးတွေ့လူနာတွေ ရှိလာပေမဲ့ လုပ်သားလုပ်ခလစာ ပေးချေရမယ့် အခြေအနေတွေနဲ့ စီးပွားရေးပိုင်းဆိုင်ရာ အခြေအနေတွေအရ ပိုးတွေ့လူနာထွက်ပေါ်တဲ့ စက်ရုံတွေကို လည်ပတ်ခွင့်ပေးထားရတာပါ။
ဒါကြောင့်မို့ လတ်တလော စက်ရုံအလုပ်ရုံတွေကို ပိတ်သွားဖို့ မရှိသေးဘူးလို့ သက်ဆိုင်ရာဌာနတွေက သိရပါတယ်။
အခုဆိုရင် ရန်ကုန်တိုင်းဒေသကြီးက မင်္ဂလာဒုံ၊ ဒဂုံဆိပ်ကမ်း၊ ငွေပင်လယ်၊ ရွှေပြည်သာ၊ ရွှေလင်ဗန်း၊ ပျည်းမပင်စက်မှုဇုန်တွေက စက်ရုံအချို့က လုပ်သားတချို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံထားရပြီး ဖြစ်ပါတယ်။
ဇာခြည်
