
ထိုင်းနိုင်ငံ ခရိုင် ၅၃ ခုမှာ မိုးသက်လေပြင်းနဲ့ မိုးကြီးနိုင်ပြီး အထူးသဖြင့် ကမ်ဖိုင်ဖစ်နဲ့ ဆုခိုထိုင်း ခရိုင်တို့ကို အနီရောင်အဆင့်အဖြစ် သတ်မှတ်ကာ ရေကြောင်းကနေ ခရီးသွားတာနဲ့ တောင်ကျ ရေဘေးအန္တရာယ်တွေကို သတိထားဖို့ ထိုင်းမိုဇလက နှိုးဆော်ထားပါတယ်။
ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုတွေကြောင့် အောက်တိုဘာ ၅ ရက်ကနေ ၇ ရက်အထိ ထိုင်းနိုင်ငံရဲ့ ခရိုင် ၅၃ ခုမှာ အချိန်အခါမဟုတ် မိုးရွာတာ၊ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာအပြင် မိုးကြိုး မုန်တိုင်းတိုက်တာ စတဲ့ မိုးလေဝသ အပြောင်းအလဲဖြစ်မဲ့အကြောင်း ထိုင်းမိုးလေဝသနဲ့ ဇလဗေဒက သတိပေး ထုတ်ပြန်ထားပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တွေမှာ မုန်တိုင်းတွေ ဖြစ်ပေါ်နိုင်ပြီး လှိုင်းအမြင့် ၂ မီတာ အထက် တက်လာနိုင်တဲ့အတွက် ရေကြောင်းခရီးသွားလာမဲ့သူတွေအနေနဲ့ ခရီးစဉ် သေချာ စစ်ဆေး သင့်တယ်လို့လည်း သတိပေးထားပါတယ်။
အထူးသဖြင့် ကမ်ဖိုင်ဖစ်နဲ့ ဆုခိုထိုင်း ခရိုင် ၂ ခုကိုတော့ အနီရောင်အဆင့် သတ်မှတ်ထားပြီး အဲ့ခရိုင် ၂ ခုဟာ စိုက်ခင်းအလုပ်တွေနဲ့ စက်ရုံအလုပ်တွေကြောင့် မြန်မာအလုပ်သမားတွေ သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့ ခရိုင်တွေလည်း ဖြစ်ပါတယ်။
အောက်တိုဘာ ၆ ရက် နေ့လယ်ပိုင်းအထိ ကမ်ဖိုင်ဖစ်မှာ ရောက်နေတဲ့ မြန်မာတွေကို DVB က ဆက်သွယ်ကြည့်တဲ့အခါ လက်ရှိ မြို့ပေါ်မှာ အရေးပေါ်စီမံခန့်ခွဲရေးစင်တာတခု ဖွင့်ထားပြီး မြို့ပြင် ဘက်က ရေတံခွန်တွေဆီကို အသွားအလာသတိထားဖို့ ထိုင်းအစိုးရက သတိပေးထားတယ်လို့ ဆိုကြပါတယ်။
ကမ်ဖိုင်ဖစ်ရောက် မြန်မာလုပ်သားတယောက်က “သူတို့ရွာတိုင်းမှာ ထိုင်းတွေက သူတို့ ကြေညာ ထားတာ ရှိတာပေါ့။ မိုးကြီးလေကြီးမယ်၊ အဲ့တော့ သတိနဲ့နေကြပေါ့နော်။ မသွားမလာရတဲ့ နေရာ တွေကို သူတို့ပြောထားတာပေါ့။ ဒီရေတံခွန်တို့ ဘာတို့ပေါ့၊ အဲ့နေရာတွေကို မသွားဖို့ သူတို့ ကြေညာထားတာ ရှိပါတယ်။ မနေ့ညကတော့ မိုးတော်တော်လေးရွာလိုက်တယ် တချက်လောက်၊ ဒီနေ့လယ်ပိုင်းမှာတော့ ရွာတာမရှိတော့ဘူး။ ပြင်ဆင်မှုကြတော့ ထိုင်းတွေကျတော့ သူတို့က ပြင်ဆင်ပြီးသားပဲ၊ ရေတို့ ဘာတို့အတွက်ပေါ့၊ လေအတွက်ကတော့ သူတို့လုပ်ထားတာ မရှိသေးပါဘူး၊ အစားအသောက်လောက်ပါပဲ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံသား အများအပြား အခြေချနေထိုင်ရာ ချင်းမိုင် အပါအဝင် မြောက်ပိုင်းဒေသမှာလည်း ပွင့်လင်းရာသီကို ရောက်ရှိနေပေမဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် တောင်ကျရေနဲ့ ရုတ်တရက် ရေကြီးရေလျှံတဲ့ အန္တရာယ်တွေတော့ ရှိနေဆဲလို့ ချင်းမိုင်ရောက် မြန်မာတွေက ပြောပါတယ်။
ဒါကြောင့် ရေတံခွန် အများအပြားရှိနေတဲ့ ချင်းမိုင်မြို့ပြင်ဘက်တွေကို သွားလည်မယ်ဆိုရင် ဒီကာလမှာ ရာသီဥတုကိုပါ သတိထား စောင့်ကြည့်ကြဖို့ လိုတယ်လို့ ချင်းမိုင်နေ မြန်မာ တယောက်က ပြောပါတယ်။
“ချင်းမိုင်က အခုချိန်က ခရီးသွား တအားလာတဲ့အချိန်၊ ဒါပေမဲ့ မိုးကမကုန်သေးတော့ မြို့ထဲက တချို့နေရာတွေမှာ ရေဝပ် ရေမြုပ်တာတော့ ရှိတာပေါ့။ သတိထားရမှာက တောင်ကျရေပါ။ ချင်းမိုင်မြို့ ပတ်လည်က ရေတံခွန်တွေများတော့ အခုချိန်သွားလည်ရင် မုန်တိုင်းနဲ့ တောင်ကျရေ ကျတာနဲ့ ကြုံတတ်တယ်။ ရေကကျလာရင် တအားအရှိန်မြန်တော့ တခုခုဆို ဘာမှမလုပ်နိုင်ဘူး။ အဲဒါကြောင့် ချင်းမိုင်ဘက်လာလည်ရင် အဲ့တခုတော့ သတိထားကြပါ။”
လက်ရှိ အနီရောင်အဆင့် သတ်မှတ်ခံထားရတဲ့ ကမ်ဖိုင်ဖစ်နဲ့ ဆုခိုထိုင်းလို စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းနယ်မြေတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပွင့်လင်း ရာသီမှာ ခရီးသွားလာကြမဲ့ ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ မိုးလေဝသ သတိပေးချက် တွေကို အမြဲမပြတ် နားထောင်စောင့်ကြည့်ကြဖို့နဲ့ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေကို သွားလာခြင်းမပြုကြဘဲ ကြိုတင်ကာကွယ်မှုတွေနဲ့ သတိရှိရှိ နေထိုင်ကြဖို့ မြန်မာအချင်းချင်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
မောရစ်











