DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ရောဂါ အသက်အန္တရာယ်ကို သတိထားကြရန် အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း 
DVB
·
September 10, 2020
ကိုဗစ်-၁၉ ရောဂါ အသက်အန္တရာယ်ကို သတိထားကြရန် အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း 
Donate to DVB

ကိုဗစ်-၁၉ ကူးစက်ရောဂါ အသက်အန္တရာယ်ကို သတိထားကြဖို့နဲ့ အထူးသဖြင့် ရောဂါအခံရှိတဲ့သူတွေအတွက် အသက်အန္တရာယ်ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။  

ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ ထုတ်ပြန်ထားတဲ့ စည်းကမ်းညွှန်ကြားချက်တွေကို လိုက်နာရေးနဲ့ စပ်လျဉ်းပြီး ဒီကနေ့ည   ပြည်သူတွေကို နိုင်ငံပိုင် ရုပ်သံကနေ  အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောသွားတာပါ။ 

ဒေါ်အောင်ဆန်းစုကြည်က “အခု ရန်ကုန်တိုင်းမှာ ပြန့်ပွားမှုဟာ အရင်မတ်လ၊ ဧပြီလတုန်းက ပြန့်ပွားမှုနဲ့စာရင် အများကြီးပိုပြီးတော့ မြန်တယ်ဆိုတာပြည်သူတွေ သိပြီးသား ဖြစ်ပါလိမ့်မယ်။ မြန်ရုံတင်မကဘူး။ အခုနောက်ပိုင်းမှာဆိုရင် ကွယ်လွန် အနိစ္စရောက်တဲ့သူတွေလည်း အရင်နဲ့စာရင် မြန်လာတယ်လို့ ပြောရပါလိမ့်မယ်။ အရင်တုန်းက (၆)ယောက်ပေါ့။ အခု(၈)ယောက်ဆိုတော့ (၁၄) ယောက်ရှိသွားပါပြီ။ နောက်ဖြစ်တဲ့ (၈)ယောက်ထဲမှာဆိုရင် (၂)ယောက်က အသက်လည်း မကြီးသေးပါဘူး။ အရွယ်ကောင်းတွေလို့ ပြောလို့ရတယ်။ တခြားဘာရောဂါအခံမှလည်း မရှိပါဘူး။ အဲဒါကြောင့် ကိုဗစ်ကြောင့်ပဲ အသက်ဆုံးရှုံးသွားရတယ်လို့ ကျွန်မတို့ ဒီလိုပဲယူဆရပါတယ်။ ဒါကြောင့် ကိုဗစ်ကဖြစ်တာဖြစ်ပါစေ။ အသက်မှမထိခိုက်တာလို့ ဒီလိုပေါ့ပေါ့နဲ့ မစဉ်းစားပါနဲ့။ ရောဂါအခံရှိတဲ့သူတွေအတွက်တော့ အထူးအန္တရာယ်ရှိတယ် ဆိုတာတော့ ကျွန်မသေချာပြောချင်ပါတယ်။ အခုဆုံးပါးသွားတဲ့ သူတွေထဲမှာဆိုရင် ဆီးချိုနဲ့ သွေးတိုးအခံရှိတဲ့ ပြည်သူများ တော်တော်များပါတယ်။ ဆီးချိုနဲ့ သွေးတိုးအခံရှိပြီဆိုရင် ကိုဗစ်ရဲ့အန္တရာယ်ကို မတွန်းလှန်နိုင်သလောက်ကို ဖြစ်သွားပါတယ်။ ဒါကြောင့် သတိထားကြပါ။ ကျန်းမာရေးအခြေခံမကောင်းတဲ့သူတွေ အထူးသတိထားကြပါ။” လို့ပြောပါတယ်။

အခုနောက်ပိုင်း ရောဂါကူးစက်ခံရသူတွေထဲမှာ  ဆယ်ကျော်သက်အရွယ်တွေ အသက် (၁၆)နှစ်၊ (၁၅)နှစ်၊ (၁၈)နှစ် အရွယ်ကောင်းလေးတွေပါဝင်တဲ့အတွက် ကိုဗစ်-၁၉ ရောဂါက အသက်အပိုင်းအခြား မရှိဘူး။ ရောဂါအခံရှိတာ၊ မရှိတာကိုလည်း ခွဲခြားပြီးတော့ မြင်လို့မရတော့ဘူးလို့လည်း ပြောပါတယ်။

ရန်ကုန်တိုင်းမှာ ဆိုရင် တစ်တိုင်းပြည်လုံးမှာ ရောဂါပြန့်ပွားမှုအခြေအနေက အမြန်ဆုံးပဲဖြစ်လို့ ရန်ကုန်တိုင်းပြင်ပကို မလိုအပ်ဘဲနဲ့ မသွားကြဖို့  သွားရင်လည်း တခြားတိုင်းတွေ၊ ပြည်နယ်တွေက စည်းမျဉ်းစည်းကမ်းအရ စစ်ဆေးတာတို့၊ Quarantine လုပ်တာတို့ သတ်မှတ်မှာ ဖြစ်ပြီး  အဲဒီအတိုင်းပဲ လိုက်နာ ရမှာဖြစ်တယ်လို့ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ ကာရာအိုကေဆိုင်တွေမှာ ကာရာအိုကေဆိုရာကနေပြီးတော့ ရောဂါ ပြန့်သွားတဲ့ အကြောင်းနဲ့ အခုဒီလိုဆိုင်တွေအားလုံးကို ပိတ်လိုက်ပြီဖြစ်တယ်လို့လည်း ပြောပါတယ်။

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာ  စားသောက်ဆိုင်၊ စင်တင်တေးဂီတနဲ့ KTV တွဲဖွင့်ထားတဲ့ Music Zone မှာ   ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇၃ ယောက် စစ်ဆေးတွေ့ရှိထားတာ ဖြစ်ပါတယ်။ 

လူစုလူဝေးမဖြစ်အောင် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်တဲ့နေရာမှာ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ထိခိုက်တဲ့အတွက် အစိုးရအနေနဲ့ တတ်နိုင်သမျှ ဒီလိုထိခိုက်တဲ့ ပြည်သူတွေကို ပံ့ပိုး နိုင်အောင် စီစဉ် လုပ်ဆောင်ခဲ့သလို  ဆက်ပြီးတော့လည်း လိုအပ်သလို လုပ်သွားမယ်လို့ဆိုပါတယ်။

စစ်တွေဘက်မှာတော့ စည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ် သတ်မှတ်ပြီးတော့ ပြည်သူလူထုက လိုက်နာလို့ ရောဂါကို အခုအတော်အတန်ထိန်းနိုင်ပြီဖြစ်ကြောင်းနဲ့  ဒါနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ရခိုင်အစိုးရအဖွဲ့ရော ပြည်သူပြည်သားတွေအားလုံးကိုပါ  ကျေးဇူးတင်တယ်လို့  အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ရန်ကုန်တိုင်းမှာလည်း  စည်းမျဉ်းစည်းကမ်းတွေ ဒီလိုတင်းတင်းကြပ်ကြပ်နဲ့ နှစ်ပတ်၊ သုံးပတ်လောက် လိုက်နာလိုက်မယ်ဆိုရင် ဒီရောဂါကို ထိန်းချုပ်နိုင်မယ့်အခြေအနေကို ရောက်လာမှာဖြစ်လို့ အားလုံး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့လည်း တိုက်တွန်းပါတယ်။

“ရန်ကုန်ဆိုတာဟာ ကျွန်မတို့ ပြည်သူတွေ တော်တော်များများရဲ့ နှလုံးသားထဲမှာ နှလုံးသားမြို့တော်ကြီးပါပဲ။ ဒါကြောင့် ဒီလိုမြို့တော်ကြီးကနေပြီးတော့ တကယ့်ကို ကောင်းတဲ့နမူနာ၊ စံအနေနဲ့ ရပ်တည်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရခိုင်ပြည်နယ် မှာဆိုရင်တောင်မှ ကျွန်မတို့ ထိန်းချုပ်နိုင်ပြီ။ ထိန်းချုပ်နိုင်တဲ့အဆင့်ကို ရောက်လာပြီ။ ထိန်းချုပ်လို့ ပြီးစီးသွား ပြီလို့ ပြောတာမဟုတ်ပါဘူး။ အဲဒီတော့ ကျွန်မတို့ရဲ့ ရန်ကုန်တိုင်းမှာ ဘာလို့မဖြစ်နိုင်ရမှာလဲ။ ကျွန်မတို့ ပြည်သူတွေရဲ့ နှလုံးသားထဲက မြို့တော်ကြီးက ဘာဖြစ်လို့ဒီကိစ္စကို အောင်အောင်မြင်မြင် မဆောင်ရွက်နိုင်ရမှာလဲ။ အဲဒါကို ကြိုးစားကြပါ။ အားလုံးကနေပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြပါ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စည်းမျဉ်းစည်းကမ်း မလိုက်နာပါက သဘာဝ ဘေးအန္တရာယ်ဥပဒေအရ အရေးယူမှာဖြစ်ပြီး ဒီလို ပြင်းပြင်းထန်ထန်လုပ်နိုင်မှ ကိုဗစ်-၁၉ ရောဂါ    ပြန့်ပွားမှုကိုထိထိရောက်ရောက် ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောသွားပါတယ်။

စက်တင်ဘာ ၁၀ ရက် ည ၈ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၁၅၀ ဦး၊ သေဆုံးသူ ၁၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၆၂၅ ဦးနဲ့  စောင့်ကြည့်လူနာအသစ် ၂၂၉ ဦးရှိပါတယ်။

တစ်နိုင်ငံလုံးရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း ၂၀၀၀ ကျော်ထဲမှာ  တဝက်ကျော်ဟာ  ရန်ကုန်တိုင်းက ဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်းအတွင်းက ၂၈ မြို့နယ်မှာ Stay at Home အစီအစဉ် အမိန့်ထုတ်ထားပြီး အိမ်မှာပဲနေကြဖို့ စည်းကမ်းချမှတ်ထားပါတယ်။

PHOTO- MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013