DVB Logo
Home
မြန်မာသတင်း
အရည်အသွေးစစ်မှန်သည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး လယ်သမားများ လိုအပ်နေ
DVB
·
September 10, 2020
အရည်အသွေးစစ်မှန်သည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး လယ်သမားများ လိုအပ်နေ
Donate to DVB

မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြားရှိ စပါးစိုက်  တောင်သူ လယ်သမား‌တွေဟာ ရာသီဥတု မညီညွတ်မှုကြောင့် ၂၀၂၀-၂၁ ရာသီမှာ  မိုးစပါးကို ခက်ခက်ခဲခဲ စိုက်ပျိုးနေကြပြီး အရေးအသွေးနဲ့ ဈေးနှုန်း စစ်မှန်တဲ့ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတွေ လိုအပ်နေပါတယ်။ 

ရွှေဘိုခရိုင်မှာတော့  ဈေးကောင်းရတဲ့ ရွှေဘိုပေါ်ဆန်းစပါးကို အဓိကထား စိုက်ပျိုးတာများတဲ့အတွက် ဩဂုတ်လနဲ့ စက်တင်ဘာလဆန်းပိုင်းအထိ နောက်ချန်စိုက်ကြ‌လေ့ ရှိတာကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ စပါးစိုက်ပျိုးမှု နောက်ကျလေ့ ရှိကြပါတယ်။

စိုက်ပျိုးပြီးစီးချိန်မှာလည်း နောက်ထပ် သွင်းအားစု ဖြစ်တဲ့ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတွေကို စိုက်ပျိုးပြီး ၁၅ ရက်သားကစ သုံးစွဲကြရတာ ဖြစ်ပါတယ်။

မိရိုးဖလာ လုပ်လာကြတဲ့ တောင်သူလယ်သမားတွေဟာ ဓာတ်မြေဩဇာအကြောင်း ပိုးသတ်ဆေးအကြောင်းကို နားလည်ကြတာမဟုတ်တဲ့အတွက် ရောင်းချသူတွေအနေနဲ့ မှန်မှန် ကန်ကန် ရောင်းချဖို့လိုတယ်လို့တောင်သူတွေက ပြောပါတယ်။  

ဝက်လက်မြို့နယ်နေ ဦးဇော်မင်းထွန်းက “ ပစ္စည်းမှန်ဈေးမှန်နဲ့ရောင်းချ ပေးမယ်ဆိုရင် တောင်သူတွေအနေနဲ့ကတော့ ဈေးနှုန်းကို မမြင်ကြဘူး။  အနာနဲ့ဆေးနဲ့မတွေ့တဲ့အခါ ကုန်ကျစရိတ်တွေ ပိုပြီးများရတယ်”လို့ ပြောပါတယ်။

စိုက်ပျိုးရေးဦးစီးဌာနကတော့ တောင်သူလယ်သမားတွေအတွက် အခက်အခဲမရှိရအောင် မျိုးစေ့၊ နည်းပညာနဲ့ အခြားအခက်အခဲတွေကို လယ်ထဲအထိရောက်အောင် ကူညီဆောင်ရွက်ပေး နေတာရှိပါတယ်။

ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးရောင်းချမှုတွေကိုလည်း   စစ်ဆေးနေပြီး ခွင့်ပြုချက်ရရှိ ထားတဲ့ ဆိုင်တွေမှာသာ  ရောင်းချခွင့်ပြုမှာဖြစ်ပြီး အတုအပပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်တွေကို ဆိုင်ပိတ်သိမ်းခိုင်းတဲ့အထိ  ထိထိရောက်ရောက်အရေးယူမှာဖြစ်တယ်လို့ ရွှေဘိုခရိုင်စ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး  ဦးတင်မောင်ဆွေက ပြောပါတယ်။

“တောင်သူတစ်ဦး တစ်ယောက်က ဓာတ်မြေဩနဲ့ ပိုးသတ်ဆေးတွေဟာ အရည်အသွေး မပြည့်မီဘူးလို့ သံသယရှိခဲ့ရင်လည်း အဲဒီပစ္စည်းကို အဆင့်ဆင့်တင်ပြ ဓာတ်ခွဲစစ်ဆေးပေးပြီး ဟုတ်မှန်တယ်ဆိုရင် အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ် ၊ အရည်အသွေးပြည့်မီတဲ့  ဓာတ်မြေဩဇာ ပိုးသတ်ဆေးသုံးစွဲနိုင်ဖို့အတွက် တောင်သူတွေကလည်း ဝိုင်းဝန်းအကူအညီပေးကြဖို့လိုတယ်။”

ရွှေဘိုခရိုင်အတွင်းမှာ မိုးသီးနှံ ဧက ၁၃ သိန်း စိုက်ပျိုးပြီး၊ ဆောင်းသီးနှံ ဧက ၁၂ သိန်း စိုက်ပျိုးထားကာ  မိုးစပါးအနေနဲ့ကတော့ ဧက  ၆ သိန်းခွဲခန့်စိုက်ပျိုးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာတော့ မိုးစပါးစိုက်ဧက ၁၄ သန်းခွဲခန့်ရှိပြီး စပါးတန်ချိန် ၁၉ သန်းခွဲခန့် အထိ ထုတ်လုပ်နိုင်ပြီး  စပါးထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို မိုးစပါးက ရရှိတာလို့ စိုက်ပျိုးရေးအချက်အလက်တွေအရ သိရပါတယ်။

သတင်း- အောင်စံလင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013