ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ သြဂုတ် ၂၄ ရက်က ကရင်မလင်နန်းတော်မှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာနဲ့ ဆွေးနွေးခဲ့ပါတယ်။
ပူတင်က “ဆွေးနွေးဖို့ အရေးကြီးတဲ့ ကိစ္စရပ် အများအပြားထဲက တခုက စွမ်းအင်တခုတည်း မဟုတ်ဘဲ ဓာတ်မြေဩဇာ ထောက်ပံ့ရေးလည်း ပါတယ်။ အိန္ဒိယလယ်သမားတွေအတွက်၊ စိုက်ပျိုးရေးအတွက် ဒီပြဿနာကို ဖြေရှင်းဖို့ ကျနော်တို့ အရာအားလုံးကို လုပ်ဆောင်နေပါတယ်။ ကျနော်တို့က ထောက်ပံ့ရေးတွေကို တိုးမြှင့်နေပြီး နောက်ထပ်ဆောင်ရွက်ဖို့ အသင့်ရှိနေပါတယ်” လို့ ပြောပါတယ်။
ဂျိုင်ရှန်ကာက ရုရှားနဲ့ အိန္ဒိယအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟာ အလွန်သိသိသာသာ တိုးတက်လာတယ်လို့ ပူတင်ကို ပြောပါတယ်။
အိန္ဒိယ ထိပ်တန်းသံတမန် ဂျိုင်ရှန်ကာက အိန္ဒိယ-ရုရှား အစိုးရအချင်းချင်း ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနဲ့ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကော်မရှင် အစည်းအဝေးအတွက် မော်စကိုမြို့တော်ကို ၂ ရက်ကြာ ခရီးစဉ်အတွင်း ပူတင်နဲ့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
Source: Reuters











