DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်၌ ကိုဗစ်-၁၉ လူနာသစ် ၂ ဦးတွေ့၊ လူပေါင်း ၁၀၀၀ ခန့် ကွာရန်တင်းဝင်
DVB
·
September 10, 2020
ကချင်ပြည်နယ်၌ ကိုဗစ်-၁၉ လူနာသစ် ၂ ဦးတွေ့၊ လူပေါင်း ၁၀၀၀ ခန့် ကွာရန်တင်းဝင်
Donate to DVB

ကချင်ပြည်နယ်မှာ ကိုဗစ်-၁၉ လူနာ ၂ ယောက်တွေ့လာပြီး လက်ရှိမှာ အသွားအလာကန့်သတ်ထားသူပေါင်း ၁၀၀၀ လောက်ရှိသလို ဓာတ်ခွဲအဖြေစောင့်နေသူ ၂၀၀ ကျော်ရှိတယ်လို့ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၈ ရက်ည ထုတ်ပြန်ချက်နဲ့ စက်တင်ဘာ ၉ ရက် မနက် ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်ထဲမှာ အတည်ပြုလူနာ ၂ ယောက် (လူနာအမှတ် ၁၆၂၇ နဲ့ ၁၇၁၂) တိုးလာခဲ့တာပါ၊ ဒီမတိုင်ခင် ပထမလှိုင်းမှာတော့ ကိုဗစ်-၁၉ လူနာ ၂ ယောက် ရှိခဲ့ပါတယ်။

လက်ရှိ လူနာသစ် ၂ ယောက်နဲ့ ပတ်သက်လို့ ထိတွေ့ ဆက်စပ်သူတွေကို ရှာဖွေဖော်ထုတ်နေပြီး တယောက်ကတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ရန်ကုန်၊ ရန်ကုန်ကနေ မြစ်ကြီးနား၊ ဖားကန့်ကို ရောက်လာသူ ဖြစ်ပါတယ်။ နောက်တယောက်ကတော့ မန္တလေးကနေ မြစ်ကြီးနားကို လာခဲ့သူပါ။

စက်တင်ဘာ ၉ ရက်အထိ  ကချင်ပြည်နယ်ကနေ ပေးပို့ခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း  ၆၄၄၁ ခုရှိပြီး လက်ရှိ ဓာတ်ခွဲအဖြေစောင့်နေသူပေါင်း ၂၁၅ ယောက်ရှိပါတယ်။

မနေ့ကအထိ  အိမ်တွေမှာပဲ အသွားအလာကန့်သတ်ထားသူ ၁၀၇ ယောက်၊ Facility Quarantine တွေမှာ အသွားအလာကန့်သတ်ထားသူပေါင်း ၈၆၃ ယောက်ရှိပါတယ်။ မြစ်ကြီးနား၊ မိုးညှင်းနဲ့ ဝိုင်းမော်တို့မှာ အများဆုံး အသွားအလာကန့်သတ်ထားတာပါ။

လူနာအမှတ် ၁၇၁၂ ဟာ သြဂုတ် ၁၀ ရက်မှာ စစ်တွေကနေ ရန်ကုန်ကို လေယာဉ်နဲ့လာခဲ့ပြီး ၁၃ ရက်နေ့မှာ ရန်ကုန်ကနေ မြစ်ကြီးနားကို ဆက်သွားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဖားကန့်ကို စင်းလုံးငှား ကားနဲ့သွားခဲ့ပြီး စက်တင်ဘာ ၃ ရက်မှာမှ အသွားအလာကန့်သတ်ခံခဲ့ရတာပါ။

လူနာအမှတ် ၁၆၂၇ ကတော့ စက်တင်ဘာ ၄ ရက်က  မန္တလေး-မြစ်ကြီးနား အဆန်ရထားနဲ့ လိုက်ပါခဲ့ပြီး စက်တင်ဘာ ၆ ရက်မနက်မှာတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာကြောင့် မြစ်ကြီးနားဆေးရုံကို သုံးဘီးဆိုင်ကယ်နဲ့ သွားခဲ့ပါတယ်။

သူတို့နဲ့ ဆက်စပ်ထိတွေ့ခဲ့သူတွေအနေနဲ့ နီးစပ်ရာ ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးဌာနတွေကို အမြန်ဆုံး အကြောင်းကြားကြဖို့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။

မြစ်ကြီးနားမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီကတော့ ပြည်နယ်ပြင်ပက လာသူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေဆီ အကြောင်းကြားပြီး အသွားအလာကန့်သတ်ခံဖို့နဲ့ စက်တင်ဘာ ၁၅ ရက် နောက်ပိုင်းမှာတော့ စားသောက်စရိတ်ကို ကိုယ့်ဖာသာ ကျခံရမယ်လို့ ဆိုပါတယ်။

ပြီးတော့ အားကစားကွင်းတွေ၊ အားကစားရုံတွေကို   ဒီနေ့စပြီး ပိတ်ထားဖို့၊ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်တွေလည်း ပါဆယ်ပဲရောင်းဖို့၊ ဈေးတွေမှာလည်း နှာခေါင်းစည်းတပ်ဆင်ပြီးမှ ရောင်းချကြဖို့နဲ့ တဆိုင်နဲ့တဆိုင် အနည်းဆုံး ၆ ပေခွာကြဖို့ စတာတွေကို အသိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013