DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်က တိုင်းရင်းသားပါတီများ လူငယ်ကိုယ်စားလှယ်လောင်းအများစုဖြင့် ဝင်ပြိုင်မည်
DVB
·
September 10, 2020
ကယားပြည်နယ်က တိုင်းရင်းသားပါတီများ လူငယ်ကိုယ်စားလှယ်လောင်းအများစုဖြင့် ဝင်ပြိုင်မည်
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေကို အနိုင်ယူဖို့ ယုံကြည်မှု အပြည့်အဝ ရှိနေတယ်လို့ ကယားပြည်နယ်ကနေ ဝင်ပြိုင်ကြမယ့် တိုင်းရင်းသား လူငယ်ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

ကယားပြည်နယ်မှာ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီ ၂ ခုဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ ကယန်းအမျိုးသားပါတီတို့ ရှိပါတယ်။

ဒီပါတီ ၂ ခုဟာ မဟာမိတ်ပြုလုပ်ထားပြီး အဓိအကအားဖြင့် ဒေသအခြေစိုက် တိုင်းရင်သားလူမျိုးကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ထားသလို လူငယ် ကိုယ်စားလှယ်လောင်းတွေအများစုကိုလည်း  ရွေးချယ်ထားပါတယ်။ 

ဒါ့အပြင် ပြည်နယ်အရေးတက်ကြွလှုပ်ရှားတဲ့ လူငယ်တွေကိုလည်း ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်ထားတာပါ။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ အသက် အငယ်ဆုံး အသက် ၂၅ နှစ်သာ ရှိတဲ့ လူငယ်ကိုယ်စားလောင်း တစ်ဦး အပါအဝင် အသက် ၃၀ အောက် လူငယ်အတော်များများ ပါဝင်တာတွေ့ရပါတယ်။ 

သက် ၂၅ နှစ် လူငယ်ကိုယ်စားလှယ်လောင်း ခူးမိုင်ကယ် (ခ) ဘိုရယ်ဟာ ရှားတော်မြို့နယ် ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ် အမှတ် ၁ မှာဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ 

သူ့ရဲ့အဓိက ပြိုင်ဘက်တွေကတော့ လက်ရှိကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်နဲ့ အရင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးပါတီကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ်အနိုင်ရခဲ့တဲ့ ဦးဌေးရယ်ဖြစ်ပါတယ်။ 

ကိုယ်စားလှယ်လောင်း ခူးမိုင်ကယ် (ခ) ဘိုရယ်က “ ကျနော့်ရဲ့အဓိက ပြိုင်ဘက်ဖြစ်မယ့်လူကတော့ ကျနော်အရင် ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးရယ် (ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ)က အဓိက ကျနော့်ရဲ့ပြိုင်ဘက်ဖြစ်မယ်လို့ ကျနော်ယုံတယ်ဗျာ။ ကျနော်က နိုင်ငံရေးကို ဝင်မယ်ဆိုကတည်းက ကျနော်တို့ ဒေသအချက်အလက်တွေအရလည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ကျနော်သူ့ကို ယှဉ်နိုင်မယ်ထင်လို့၊ အပြတ်အသတ်နိုင်မယ်ထင်လို့ ကျနော် ဒီရွေးကောက်ပွဲကို ဝင်ရခြင်းဖြစ်ပါတယ်။ ”လို့ ပြောပါတယ်။

လူကြီးတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် ဒေသအနေအထားသိတဲ့လူငယ်တယောက်အနေနဲ့ ဒေသအတွက်ဝင်ယောက် ယှဉ်ပြိုင်ရမှာဖြစ်လို့  စိုးရိမ်မှုမရှိဘူးလို့ မိုင်ကယ်ပိုးရယ်က ပြောပါတယ်။ 

“ကျနော်ကတော့ အဓိက လူထုအတွက် အကောင်းဆုံးလုပ်ပေးချင်တယ်လေ။ ကိုယ်ကလည်း ဒေသခံ လူငယ်တယောက်လည်းဖြစ်တယ်။ ဒေသအခြေအနေတွေကိုလည်း ကျနော်က အတွင်းကျကျသိတယ်။ လူတွေရဲ စိတ်နေစိတ်ထားတွေ၊ ရိုးရာဓလေ့၊ စားဝတ်နေရေး တောင်ယာ၊ မြေယာကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့လိုအပ်ချက်တွေ၊ သူတို့ရဲ့ခံစားချက်တွေကိ ကျနော်က အတွင်းကျကျ သိတဲ့အခါကျတော့ ကျနော်က အကောင်းဆုံးလုပ်သွားချင်တယ်။  ”

ဒါပေမဲ့  လူငယ်တယောက်အနေနဲ့ အခုလို ရွေးကောက်ပွဲဝင်ရောက်တဲ့နေရာမှာ ဥပဒေအရ စိန်ခေါ်မှုတွေရှိသလို လူကြီးတွေက လူငယ်တွေကို နေရာမပေးချင်တဲ့ ခေါ်မှုတွေရှိနေတယ်လို့လည်း ခူးမိုင်ကယ်က ပြောပါတယ်။

ဒီလိုအလားတူပဲ ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှို ဝင်ရောက်ယှဉ်ပြိုင်မယ့် မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၂ မဲဆန္ဒနယ်မှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက လူငယ်အမျိုးသမီးကိုယ်စားလှယ်လောင်း နော်မြင့်ထူးကို ရွေးချယ်ထားပါတယ်။

နော်မြင့်ထူးဟာ အသက် ၂၈ နှစ်သာရှိတဲ့ လူငယ်အမျိုးသမီးတဦးဖြစ်ပြီး ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံပြည်သူတွေနဲ့အတူ ဖော်ဆောင်သွားမယ့် ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။

ကယားပြည်နယ်မဲဆန္ဒနယ်အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၁၃ ပါတီရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၇၂ ဦးရှိတယ်လို့ ပြည်နယ်ရွေးကောက်ကော်မရှင်ကနေ သိရပါတယ်။

ဒီအထဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၂ ဦးနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကေရစီအဖွဲ့ချုပ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ စုစုပေါင်း ၁၃ ပါတီက ကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင်ကြမှာပါ။

ကယားပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်မှာ မဲဆန္ဒနယ် ၃၄ နေရာရှိပြီး မဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်းကျော်ရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့ ပထမအကြိမ်ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013