
ရခိုင်ပြည်နယ်ကနေ မကွေးတိုင်းကို ပြန်ဝင်လာသူ အယောက် ၄၀၀ လောက် ရှိနေပြီး Facility Quarantine ပြုလုပ်ကာ ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးနေတယ်လို့ တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
တိုင်းအတွင်း Quarantine ဝင်တဲ့သူတွေကို ဓာတ်ခွဲနမူနာ စစ်ဆေးခတွေ ကောက်ခံတာမျိုး မရှိသေးသလို ညွှန်ကြားချက်လည်း ထွက်မလာသေးဘူးလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ဘက်က ပြန်ဝင်လာတဲ့ အတည်ပြုလူနာအမှတ် ၈၈၃ ကို မကွေးသင်ကြားရေးဆေးရုံကြီးနဲ့ ရန်ကုန်ကပြန်လာတဲ့ လူနာအမှတ် ၁၁၁၂ ကို ပြည်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ကုသပေးနေပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
မကှေးတိုင်းအတွင်း ပြည်သူ့ဆေးရုံတွေ စောင့်ကြည့်သံသယလူနာ ၃၃ ယောက် တက်ရောက်နေပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ ရယူကာ ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးထားတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းမှာ ရခိုင်ဘက်က ပြန်ဝင်လာသူတွေအပါဝင် ပြည်ပကပြန်ဝင်လာသူ ၁၃၀၀ ကျော်ကို Facility Quarantine ပြုလုပ်ပေးကာ ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
သတင်း - မင်းထီး










