ချင်းပြည်နယ်ဝန်ကြီး စီးနင်းလာသည့် စက်လှေကို အေအေအဖွဲ့ ပစ်ခတ်တိုက်ခိုက်
အောင်သူ
·
September 9, 2020
ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးထက် စီးနင်းလိုက်ပါလာတဲ့ စက်လှေကို ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေက ပစ်ခတ်တိုက်ခဲ့တယ်လို့ ကာယကံရှင် ပြည်နယ်ဝန်ကြီးက ပြောပါတယ်။
စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်းက ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေ ဆမီးကို အပြန်လမ်းမှာ ဝန်ကြီးအပါအဝင် ၁၀ ယောက်ဝန်းကျင် စီးနင်းလိုက်ပါလာတဲ့ စက်လှေကို အေအေ လက်နက်ကိုင်အဖွဲ့က ကုလားတန်မြစ်အနောက်ဘက်ကမ်းကနေ ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရတာလို့ ဝန်ကြီးဦးစိုးထက်က ဒီဗွီဘီကို ပြောပါတယ်။
ချင်းပြည်နယ်ဝန်ကြီး ဦးစိုးထက်နဲ့အဖွဲ့တွေက ပလက်ဝဒေသက စစ်ဘေးဒုက္ခသည်စခန်းတွေကို ကူညီမှုပေးဖို့အတွက် သွားရောက်ခဲ့တာ ဖြစ်ပြီး အခု တိုက်ခိုက်ခံရမှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ခရီးစဉ်မပြီးဆုံးသေးသလို အခုဖြစ်စဉ်ကို အထက်အဆင့်ဆင့် တာဝန်ကြီးတဲ့သူတွေကို တင်ပြထားပြီးဖြစ်တယ်လို့လည်းပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အေအေလက်နက်ကိုင်တပ်ဖွဲ့ဘက်ကတော့ အတည်ပြုပြောဆိုတာ မရှိသေးပါဘူး။
အရင်ရက်ပိုင်းတွေက ပလက်ဝဒေသမှာ တပ်မတော်နဲ့ အေအေအဖွဲ့တို့ အကြား တိုက်ပွဲတွေမရှိခဲ့ပေမယ့် ဒီနေ့မှာတော့ တိုက်ပွဲဖြစ်တာတွေရှိတယ်လို့ သိရပါတယ်။