DVB Logo
Home
ရွေးကောက်ပွဲ
ကြိုတင်မဲပေးမည့် ပြည်ပရောက်မြန်မာများအတွက် ကိုဗစ်-၁၉ ကို ကျော်လွှားမည့် Postal Voting (ဆောင်းပါး)
DVB
·
September 9, 2020
ကြိုတင်မဲပေးမည့် ပြည်ပရောက်မြန်မာများအတွက် ကိုဗစ်-၁၉ ကို ကျော်လွှားမည့် Postal Voting (ဆောင်းပါး)
Donate to DVB

မြန်မာနိုင်ငံမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပကြမယ့် အချိန်ဟာ ကိုဗစ်-၁၉ ခေါ် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုကို နိုင်ငံအသီးသီးက ထိန်းချုပ်နေရချိန်နဲ့ တိုက်ဆိုင်နေတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးရေးအတွက် စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ တင်တဲ့ အရေအတွက်ဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကထက် အဆမတန်များပြားနေခဲ့ပြီး မဲမပေးလိုက်ရမှာကို အလွန်စိုးရိမ်ပူပန်နေကြပါတယ်။

တချို့က သံရုံးရှိတဲ့ ပြည်နယ်နဲ့ဝေးတဲ့ပြည်နယ်တွေမှာ နယ်ကျော်သွားလာခွင့်မရှိလို့ မဲမပေးလိုက်ရမှာ စိတ်ပူကြတယ်။ တချို့က ကိုဗစ်ကပ်ဘေးကာလ သံရုံးကိုသွားပြီး မဲပေးရမှာ ကြောက်ကြတယ်။ 

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနဲ့အတူ မဲပေးသူနိုင်ငံသားတွေ ရောဂါကူးစက်မှု မရှိစေဖို့အရေးကလည်း အဓိကကျတာကြောင့် ပြည်ပရောက် မဲဆန္ဒရှင်တွေ Online မှတဆင့် ပုံစံ၁၅ တင်နိုင်ဖို့ www.maepaykyamal.com ကို ဖန်တီးပေးခဲ့ကြတဲ့ မဲပေးကြမယ့်အဖွဲ့က စိန်ခေါ်မှုတွေကို  ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို စဉ်းစားခဲ့ကြပါတယ်။

အဲဒီလို စဉ်းစားရာမှာ Conventional voting (သမားရိုးကျမဲပေးခြင်း) နဲ့ Postal voting (စာတိုက်မှတဆင့် မဲပေးခြင်း) ကို နှိုင်းယှဉ်ပြီး နည်းပညာကို အသုံးပြုကာ ဥပဒေကို မကျော်လွန်စေဘဲ လုံခြုံစိတ်ချစွာ မဲပေးနိုင်ဖို့ ကို အချိန်ယူ လေ့လာခဲ့ကြပါတယ်။

စင်ကာပူကိုပဲ ဥပမာပြောရရင် ကြိုတင်မဲပေးမယ့် မြန်မာနိုင်ငံသား ၃၅၀၀၀ ကျော်လောက် ရှိပါတယ်။ မြန်မာသံရုံးမှာ Conventional voting နဲ့  Q system ကို သုံးမယ်ဆိုရင် ရက် ၂၀ လောက် ကြိုတင်ဆန္ဒမဲပေးပွဲကြီး ပြုလုပ်မှာဖြစ်လို့ တရက်ကို ပျမ်းမျှလူ ၁၇၅၀ လောက် မဲပေးကြရပါမယ်။

တနေ့ကို ၁၀ နာရီ သံရုံးမှာ မဲပေးကြမယ်ဆိုရင် ၁ နာရီအတွင်း လူ ၁၇၅ ယောက် မဲပေးရပါမယ်။ ရွေးကောက်ပွဲကော်မရှင်က သံရုံးတွေကို ထုတ်ပေးထားတဲ့ ကြိုတင်မဲပေးခြင်း လုပ်ငန်းလမ်းညွှန်အရ မဲစာရွက်ထုတ်မယ်၊ လက်မှတ်ထိုးမယ်၊ မဲပေးမယ် မဲပုံးထဲ ပြန်ထည့်မယ် စတဲ့ အဆင့် ၄ ဆင့်လုပ်ဆောင်ရမှာမို့ တပြိုင်နက်တည်း လူ ၅ ယောက် မဲပေးနိုင်မယ်ဆိုရင်တောင် လူ ၁ ယောက်အတွက် အဆင့် ၁ ခုကို ၁ မိနစ်ခွဲလောက်သာ ရနိုင်ပါတယ်။

စာနယ်ဇင်းတွေ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ volunteers တွေ ပါဝင်လာမယ်ဆိုရင် စင်ကာပူက ထုတ်ပြန်ထားတဲ့ ကာကွယ်ထိန်းချုပ်ရေး ဥပဒေတွေနဲ့အညီ ဖြစ်နိုင်ဖို့ crowded control အတော်လုပ်ယူရမှာပါ။ 

နောက်တခုက ၅ ယောက်ထက် ပိုမစုရချိန်မှာ ဒီလို လူ ၂၀၀ လောက် တနာရီအတွင်း အသွားအပြန်လုပ်နေမယ့် မြန်မာလူစုလူဝေးကြီးဟာ ၃/ ၄ ရက်နဲ့ ပြီးမသွားဘဲ ရက် ၂၀ ဆိုတော့ သူများနိုင်ငံမှာ Myanmar Community ဟာ လက်ညှိုးထိုးစရာ ဖြစ်လာနိုင်ပါတယ်။

အနီးပတ်ဝန်းကျင်နေအိမ်တွေကလည်း တိုင်တန်းတာတွေ လုပ်လာနိုင်တာအပြင် ရောဂါပိုးရှိသူ ပါဝင်လာပြီး အဆင့်ဆင့် ကူးစက်လိုက်ရင် Singapore မှာ Myanmar Community၊ မြန်မာသံရုံး၊ မြန်မာအစိုးရ ဂုဏ်သိက္ခာ ထိခိုက်ရနိုင်ပါတယ်။

အိမ်ရှင်နိုင်ငံကလည်း ဒီလို ဝန်ထုပ်ဝန်ပိုးမျိုးဖြစ်လာနိုင်တဲ့ ရက် ၂၀ မဲပေးပွဲကြီးကို ထိုင်ကြည့်နေပါ့မလား။ သံသယနဲ့အတူ  ၁ ရက် ၂ ရက်ပြီး ပွဲပျက်သွားခဲ့ရင် မဲပေးချင်လွန်းတဲ့ ပြည်သူတွေ ဘာဆက်လုပ်ရမလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်နေပါတယ်။

အဲဒါကြောင့် မဲပေးကြမယ်အဖွဲ့က brainstorming လုပ်ထားသော စာတိုက်မှတဆင့် မဲပေးနိုင်မယ့် Postal voting နည်းလမ်းတခု ကို မိတ်ဆက်ချင်ပါတယ်။ 

အခုရေးသားမယ့် မဲပေးခြင်းဆိုင်ရာ ကိစ္စတွေကို ပြည်ပမဲဆန္ဒရှင်တွေ အမှန်တကယ် အသုံးပြုနိုင်ဖို့ကတော့ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေဖြစ်တဲ့ အစိုးရ၊ ရွေးကောက်ပွဲ ကော်မရှင်နဲ့ သံရုံးတွေအပေါ် အများကြီးမူတည်တာကို ပဏာမပြောပါရစေ။ 

Postal voting ကို နှစ်မျိုးခွဲရရင် တမျိုးက Ballots Dropbox ဖြစ်ပြီး နောက်တမျိုးကတော့ Postal voting စစ်စစ်ဖြစ်ပါတယ်။ အချက်အတော်များများကတော့ အတူတူပါပဲ။ ကွဲပြားမှု အနည်းငယ်လေးသာ ရှိပါတယ်။

၂၀၁၅ ပြည်ပကြိုတင်မဲပေးကြရတဲ့ အတွေ့အကြုံကို အရင်ပြန်ပြောရရင် သံရုံးကို မဲပေးမယ့်သူ ရောက်သွားချိန်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်နဲ့ မြို့နယ်ကို ပြောရပါတယ်။ အဲဒီလိုပြောမှ သံရုံးက မဲဆန္ဒရှင်ကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးတဲ့ စာအိတ် ၃ အိတ် သို့မဟုတ် ၄ အိတ် (တိုင်းရင်းသားပါရင် ၄ အိတ်)ကိုထုတ်ပေးပြီး လက်မှတ်ထိုးခိုင်းပါတယ်။ ပြီးရင်တော့ အခန်းသေးတခုထဲမှာ ဆန္ဒမဲပေးစေပြီး အဲဒီမဲစာအိတ်တွေကို မဲပုံးထဲ ထည့်ခဲ့ရပါတယ်။ ဒါက သမားရိုးကျ မဲပေးခြင်းပါ။

Postal voting အတွက်ကတော့ ပုံစံ ၁၅ တင်ချိန်မှာ ဖြည့်ရတဲ့ data တွေထဲမှာ ပြည်ပနေရပ်လိပ်စာ၊ ပြည်နယ်/တိုင်းဒေသကြီးနဲ့ မြို့နယ်တွေဖြည့်ကြရပါတယ်။ အဲဒါကြောင့် မဲဆန္ဒရှင်တယောက် ဘယ်မြို့နယ်၊ ဘယ်ပြည်နယ်/တိုင်းဒေသကြီးကဆိုတာ သိနိုင်သလို ပြည်ပနေရပ်လိပ်စာကို သိနေပြီမို့ ရွေးကောက်ပွဲကော်မရှင်က ပေးပို့လာတဲ့ စာအိတ် ၃ အိတ် သို့မဟုတ် ၄ အိတ် (တိုင်းရင်းသားပါရင် ၄ အိတ်) ကို မဲဆန္ဒရှင်ရဲ့ပြည်ပနေရပ်လိပ်စာကို စာတိုက်ကတဆင့် register လုပ်ပြီး ပို့နိုင်မှာ ဖြစ်ပါတယ်။

စာတိုက်ကပေးပို့လာတဲ့ စာအိတ်ထဲမှာ ရွေးကောက်ပွဲကော်မရှင်က စာအိတ်တွေနဲ့အတူ စာအိတ်အပိုတခုပါမှာ ဖြစ်ပြီး သက်ဆိုင်ရာသံရုံးလိပ်စာ၊ သံရုံးတံဆိပ်တုံးနဲ့အတူ တံဆိပ်ခေါင်းပါ ကပ်ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပေးပို့သူရဲ့  ပြည်ပလိပ်စာနဲ့ ပြည်နယ်/တိုင်းဒေသကြီး မြို့နယ် ပါမှာဖြစ်ပါတယ်။ အဓိကအရေးအကြီးဆုံးကတော့ မဲဆန္ဒရှင်အတွက် သီးသန့်တခုတည်းသော လျှို့ဝှက်ကုဒ် (Bar code and QR) ပါမှာဖြစ်ပါတယ်။ မဲဆန္ဒရှင်တယောက်ချင်းစီတိုင်းရဲ့ ရရှိမယ့် စာအိတ်က စာအိတ်လျှို့ဝှက်ကုဒ်တွေဟာ မတူဘဲ unique ဖြစ်နေမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စာအိတ်တွေထဲက ထွက်လာတဲ့ မဲစာရွက်တွေမှာ မဲခြစ်ပြီးရင် စာအိတ်တွေကို အသေအချာပြန်ပိတ်ရပါမယ်။ လျှို့ဝှက်မဲပေးခြင်းဖြစ်လို့ ကော်နဲ့ပိတ်ပြီးရင် စောစောကပြောတဲ့ လျှို့ဝက်ကုဒ်ပါတဲ့ စာအိတ်ထဲထည့်ပြီး စာအိတ်ကို ပိတ်လိုက်ပါမယ်။ ဒီ လျှို့ဝှက်ကုဒ်ပါတဲ့စာအိတ်မှလွဲပြီး ဘယ်စာအိတ်နဲ့မှ မဲပေးခွင့်မရှိရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလျှို့ဝှက်ကုဒ်နဲ့ သံရုံးကနေ computer system သုံးပြီး မဲလက်ခံမှာမို့ပါ။ အဲဒီ computer system မှာ စာအိတ်မှ လျှို့ဝှက်ကုဒ်မှန်၊ မမှန် စစ်ဆေးခြင်းနဲ့အတူ မဲဆန္ဒရှင်ရဲ့ လျှို့ဝှက်ကုဒ် နှစ်ခါ သုံးခါ ထပ်ပွားပြီး မဲပေးလာခြင်းကို ကာကွယ်မယ့် function တွေ ပါပါမယ်။ မှန်ကန်မှုကို စစ်ဆေးပြီးမှ စိစစ်လက်ခံမှာဖြစ်လို့ စစ်ဆေးပြီးရင် အဲဒီစာအိတ်ကို ဖွင့်ဖောက်ပြီး အထဲက ရွေးကောက်ပွဲ ကော်မရှင်ပေးတဲ့ ကော်ပိတ်ထားတဲ့ မဲစာအိတ်တွေကို မဲပုံးထဲထည့်ပါမယ်။ ဒါဟာ သံရုံးက ပြုလုပ်ရမယ့် verification process ဖြစ်ပြီး ဒီစနစ် အကောင်အထည်ဖော်ဖြစ်ပါက မဲပေးကြမယ်အဖွဲ့က နည်းပညာကူညီဖို့ အဆင်သင့် ပြင်ဆင်ထားရှိပြီး ဖြစ်ပါတယ်။

မဲဆန္ဒရှင်တွေကတော့ postal voting စစ်စစ်ဆိုရင် စာတိုက်ကတဆင့် အထက်ကပြောခဲ့တဲ့ စာအိတ်ကို ပေးပို့ရပါမယ်။ သံရုံးလိပ်စာ မမှန်မှာ၊ ပေးပို့သူလိပ်စာ မမှန်မှာ စိတ်ပူစရာမလိုအောင် အစစပြင်ဆင်ထားသော လျှို့ဝှက်ကုဒ်ပါတဲ့စာအိတ် ဖြစ်ပါတယ်။ 

အရှေ့မှာ ရေးခဲ့သလို Ballots Dropbox ကတော့ အဲဒီစာအိတ်ကို သံရုံး အဝမှာ ချထားမယ့် စာတိုက်ပုံးတွေထဲကို လူကိုယ်တိုင် လာထည့်ပေးခြင်းပါပဲ။ စာတိုက်က မပို့ချင်သူ၊ အပြင်လည်း ထွက်လို့ရနေတဲ့ ခွင့်ယူလို့လည်း လွယ်တဲ့သူတွေက Dropbox ထဲ လာထည့်ခဲ့ရုံပါပဲ။ သံရုံးကို လူကိုယ်တိုင် လာရတယ်၊ မဲပေးရတယ် ဆိုပေမယ့် သမားရိုးကျမဲပေးရသလို မဲစာရွက် ထုတ်ယူရချိန်၊ အခန်းထဲ ဝင်မဲပေးရချိန်တွေ သက်သာသွားရုံမက လက်ဆေးရည်၊ လက်အိတ်၊ ဘောပင်တယောက်တချောင်း ပြင်ဆင်ပေးထားစရာ မလိုတာကြောင့် cost effective လည်း ဖြစ်ပါတယ်။ 

Postal Voting ဟာ Secure ဖြစ်သလား။ အခု propose လုပ်တဲ့ procedure မှာ လျှို့ဝှက်ကုဒ်ဟာ သံရုံးကိုပြန်ပို့ရမယ့် အတွင်းစာအိတ်မှာ ပါပါတယ်။ လူတယောက်ကို လျှို့ဝှက်ကုဒ်တခုသာ ရမှာမို့ မဲ စာရွက်တွေ duplicate လုပ်လည်း အသုံးမဝင်ပါဘူး။ စာအိတ်ကိုပါ duplicate လုပ်ရင်လည်း verification process လုပ်ချိန်မှာ ချက်ချင်းမိမှာဖြစ်ပြီး ဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အထဲက UEC က ပေးတဲ့စာအိတ်တွေမှာတော့ အမည်တွေ လျှို့ဝှက်ကုဒ်တွေ ဘာမှမပါဘဲ ပုံမှန်မဲစာရွက်တွေဖြစ်တာကြောင့် သံရုံးကိုပေးပို့တဲ့ စာအိတ်အကြီးကို verified လုပ်ပြီး အထဲက စာအိတ်ငယ် ၃/ ၄ အိတ်ကို ထုတ်ယူ မဲပုံးထဲထည့်မှာဖြစ်တဲ့အတွက် မဲဆန္ဒရှင် ဘယ်ပါတီကို မဲပေးတယ်ဆိုတာ သံရုံးဝန်ထမ်းကစပြီး လေ့လာစောင့်ကြည့်သူအဆုံး မသိနိုင်တာကြောင့် လျှို့ဝှက်မဲပေးခြင်းကို မထိခိုက်စေဘဲ လုံခြုံမှုအပြည့်ရှိပါတယ်။ 

ဒါပေမဲ့ တချို့က Security နဲ့ Privacy ကို လွဲမှားကောက်ချက်စွဲပြီး လုံခြုံမှုမရှိဘူး။ လျှို့ဝှက်မဲပေးရာမရောက်ဘူးလို့ ပြောဆိုလာတာတွေရှိပါတယ်။ postal voting ရဲ့ security ကို နည်းပညာနဲ့ထိန်းချုပ်နိုင်ပေမယ့် privacy ကတော့ conventional voting ဖြစ်စေ၊ postal voting ဖြစ်စေ တဦးတယောက်ချင်းစီရဲ့ သဘောထားအပေါ်သာ မူတည်ပါတယ်။ 

၂၀၁၅ တုန်းက မဲရုံပြင်ပ ကိုက် ၅၀၀ အကွာမှာ ဘယ်ပါတီမဲပေးခဲ့သလဲ၊ survey လုပ်ကူညီဖူးတဲ့ အတွေ့အကြုံအရ မဲမပေးခင်ရော မဲပေးပြီးမှာရော ဘယ်ပါတီဆိုတာကို ကျယ်ကျယ်လောင်လောင် ပြောဆိုကြသလို survey ကို စိတ်လိုလက်ရ အဖြေပေးကြတာက သာဓကတစ်ခုပါ။ တယောက်တလေကတော့ survey ကို မဖြေလိုကြောင်း ငြင်းပါတယ်။ ဒါ သူ့ privacy မို့ ဘယ် volunteer ကမှ အတင်းမမေးပါဘူး။ အဲဒါကြောင့် postal voting ဟာ secure ဖြစ်ပါတယ်။ တဦး တယောက်ရဲ့ influence ပါမှာတို့ ဘယ်သူက ဇွတ်ထည့်ခိုင်းတာတို့ မဖြစ်ရအောင်လည်း မိမိကိုယ်တိုင်ရဲ့ ဆင်ခြင်တုံတရား အရပါပဲ။

ဒါကြောင့်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေဟာ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမယ်လို့ ဥပဒေက ပြဋ္ဌာန်းထားတာပါ။ အရွယ်ရောက်ပြီးသူတယောက်ရဲ့ လွတ်လပ်ခွင့် ဆုံးဖြတ်ပိုင်ခွင့် ဆိုတာဟာ ပြည်ပကို ရောက်ရှိ၊ ပညာသင် အလုပ်လုပ်ကိုင်နေသူတွေအတွက် ပြည်တွင်းမှာထက်တောင် ပိုအခွင့်ရှိတာကြောင့် မိမိ ဆန္ဒမဲကို တန်ဖိုးထားကြမှာ ယုံကြည်ပါတယ်။ 

Postal voting ကို ဘယ်လိုလုပ်နိုင်မယ် ဆိုတာကို သုံးသပ်ရင်း ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ၊ အခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန် စတာတွေကို လေ့လာရင်း နည်းပညာသုံးပြီး ဥပဒေဘောင်ထဲက ဖြစ်စေဖို့ကို စဉ်းစားခဲ့ကြပါတယ်။ ဒါအပြင် ရွေးကောက်ပွဲကော်မရှင်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှ အချက်အလက်တွေကိုလည်း ထပ်မံကိုးကားခဲ့ပါတယ်။ 

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ နည်းဥပဒေ အခန်း (၁၁) ဖြစ်တဲ့ မဲဆန္ဒနယ် ပြင်ပရောက်ရှိနေသူများ ကြိုတင်မဲပေးခြင်းနဲ့ပတ်သက်လို့ (၆၁ - က)မှာ “သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝင်ရုံးသို့  လာရောက်နိုင်သမျှသော မဲဆန္ဒရှင်များကို စုရုံးပြီး ဆန္ဒမဲပေးရမည့် နေရာသတ်မှတ်ပေးရမည်” လို့ ပါရှိပါတယ်။

အဲဒီနေရာဟာ သံရုံးပဲဖြစ်ရမယ် ကောင်စစ်ဝန်ရုံးပဲဖြစ်ရမယ်တော့ မပါရှိပါဘူး။ ဒါ့အပြင် လာရောက်နိုင်သမျှသောလို့ ပါတာကြောင့် မိမိပျက်ကွက်မှုမဟုတ်ဘဲ ကွာရန်တင်းနေရသူ ဆေးရုံတက်နေရသူ dormitory ထဲကနေ အပြင်မထွက်ရသူတွေအတွက်  မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

 (၆၁ - ခ) မှာတော့ “စုရုံးရောက်ရှိနေသူများကို ကြိုတင်ဆန္ဒမဲလက်မှတ် ဖြန့်ဖြူးပြီး ဆန္ဒမဲပေးနိုင်ခွင့်ပြုစေရမှာဖြစ်ပြီး ဆန္ဒမဲများကို သက်ဆိုင်ရာစာအိတ်အသီးသီးမှာ ထည့်သွင်းပြီး လုံခြုံစွာပိတ်ပြီး စုစည်းရမည်” လို့ ပါပါတယ်။ အခုလို လူစုရုံးနိုင်ခွင့်မရှိတဲ့ကာလမှာ ကြိုတင်ဆန္ဒမဲလက်မှတ်တွေကို စာတိုက်မှတဆင့် ဖြန့်ဖြူးခြင်း မပြုရလို့တော့ ဥပဒေက ပြဋ္ဌာန်းထားခြင်း မရှိပါဘူး။ ဒါကြောင့် စုရုံးရောက်ရှိမလာနိုင်သူတွေအတွက် ဥပဒေပြဋ္ဌာန်းချက်က ပျောက်နေပါတယ်။ 

ဒါပေမဲ့ ပုဒ်မ (၅၁ - ခ ၁) မှာ နာမကျန်းဖြစ်နေသူတွေ သက်ကြီးရွယ်အိုတွေအတွက်ဆိုရင် အိမ်တိုင်ရာရောက်လာပြီး ဆန္ဒမဲပေးနိုင်အောင် ကော်မရှင်က ကူညီပေးရမယ့် ဥပဒေရှိပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲမှာ ကွာရန်တင်း ဝင်နေရသူတွေကို နာမကျန်းသူကဲ့သို့ သတ်မှတ်ပြီး မဲပေးခွင့်ရစေဖို့ ပြုလုပ်ပေးမယ်လို့ ဖြေကြားသွားတဲ့အတွက် ပြည်ပရောက် dormitory ထဲကနေ အပြင်မထွက်ရသူတွေဟာလည်း ကွာရန်တင်း ဝင်နေရသူတွေနဲ့ အတူတူပဲ ဖြစ်တာကြောင့် ဥပဒေဘောင်ထဲကနေ မဲပေးခွင့်ရအောင် ကူညီရမှာ ဖြစ်ပါတယ်။

နည်းဥပဒေပြီးတော့ ရွေးကောက်ပွဲကော်မရှင်က သံရုံးတွေကို ထုတ်ပေးထားတဲ့ ပြည်ပရောက် ကြိုတင်မဲပေးခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်မှာတော့ မဲလက်မှတ် ထုတ်ယူသူတိုင်း နောက်ဆက်တွဲပုံစံ(ခ) မှာ ကိုယ်တိုင်လက်မှတ်ရေးထိုးရမယ်လို့ပါရှိပါတယ်။ ဒီအချက်ကိုတော့ Postal Voting စနစ်နဲ့ ကိုက်ညီမှုရှိအောင် လုပ်ဆောင်နိုင်ဖို့  မဲပေးကြမယ့်အဖွဲ့က သီးသန့် နည်းပညာသုံးဖို့ စီစဉ်ထားပါတယ်။ ပြည်ပမဲဆန္ဒရှင်တွေအားလုံး အလွယ်တကူ သုံးနိုင်မယ့် ကြိုတင်မဲလက်မှတ်ပေးပို့ဖို့ တောင်းခံတဲ့ အခါ E-Signature သို့မဟုတ် စာတိုက်ကနေ မဲလက်မှတ်ရရှိတဲ့အခါ လက်ခံရရှိကြောင်း ပြန်လည်ပေးပို့ရမယ့် Form ပုံစံ စတဲ့ Verification လုပ်နိုင်တဲ့နည်းလမ်းတွေ ရှိပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေနည်းဥပဒေနဲ့ ညွှန်ကြားချက်အားလုံးကို အဓိပ္ပာယ် ဖွင့်ဆိုရာတွင် အခြေခံဥပဒေကို ကျော်လွန်ခြင်းမရှိစေဖို့ သတိပြုရမှာ ဖြစ်ပါတယ်။ အခြေခံဥပဒေမှာ ပုဒ်မ (၃၉၁-က) အရ အသက် ၁၈ နှစ် ပြည့်ပြီး အရည်အချင်း ပျက်ယွင်းသူ မဟုတ်သူတိုင်းဟာ မဲပေးခွင့် ရှိရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွေ လုပ်ငန်းလမ်းညွှန်တွေနောက်ကို လိုက်ရင်း အခုလို pandemic ကပ်ဘေးကာလမှာ အခြေခံဥပဒေပါ ပြဋ္ဌန်းချက်တွေကို ပစ်ပယ်သလို မဖြစ်အောင်လည်း သတိပြုရမှာ ဖြစ်ပါတယ်။ 

အခြေခံဥပဒေ ပုဒ်မ (၃၉၉ - စ) အရ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်ပြဋ္ဌာန်းချက်မှာလည်း လုပ်ငန်းလမ်းညွှန်နဲ့ ညွှန်ကြားချက်တွေကို သက်ဆိုင်ရာဥပဒေနဲ့အညီ ထုတ်ပြန်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာ ပါတယ်။ ဒါဆိုရင် ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ မငြိစွန်းတဲ့ လုပ်ငန်းလမ်းညွှန်တခုကို ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ထုတ်ပြန်ကြေညာနိုင်တာကို တွေ့ရပါတယ်။ ဒါဟာ အဓိက ထည့်သွင်းစဉ်းစားရမယ့် အရာဖြစ်သလို ကပ်ဘေးကာလ နည်းဥပဒေကို ထိစရာပြင်စရာမလိုပဲ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်နိုင်တဲ့ ကြေညာချက်တခုဖြစ်ပါတယ်။ 

ဒါ့ကြောင့်သာ ကပ်ဘေးကာလအတွက် မဲပေးကြမယ့်အဖွဲ့က postal votingကို ဥပဒေဘောင်အတွင်းက ဖြစ်နိုင်စရာရှိတဲ့ ထည့်သွင်းစဉ်းစားနိုင်တဲ့ မဲပေးခြင်း နည်းလမ်းကောင်းအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကို ပြည်ပရောက် နိုင်ငံသားတွေရဲ့ အကျိုးကို ရှေးရှုပြီး အကြံပြုရေးသားရင်း Postal Voting ဟာ ကိုဗစ်-၁၉ ကို ကျော်လွှားနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတခုအဖြစ် တင်ပြလိုက်ပါတယ်။

အောင်ပိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013