
မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေသော အပြုသဘောဆောင်သော ဖြစ်ပေါ်ပြောင်းလဲမှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုက ကောင်းမွန်စွာ အသိအမှတ် ပြုထားသော်လည်း အဖွဲ့ဝင်နိုင်ငံ အနည်းငယ်က ကန့်သတ်ချက်များ၊ ခွဲခြားဆက်ဆံနေမှုများကို ဆက်လက်ထိန်းသိမ်းထားပြီး မြန်မာအစိုးရကို တန်းတူကိုယ်စားပြုမှုမှ ပယ်ထုတ်ခြင်းကိုလည်း ဆက်လက်လုပ်ဆောင်နေကြောင်း စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာ တွေ့ရှိရသည်။
အစိုးရသစ်နှင့် ထိတွေ့ဆက်ဆံမှု မရှိခြင်းသည် “ဒီမိုကရေစီ အခွင့်အရေးများကို ကျင့်သုံးခဲ့ကြသော မြန်မာပြည်သူများ၏ စစ်မှန်သော ဆန္ဒကို လျစ်လျူရှုခြင်း” ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
ဤသည်ကပင် မင်းအောင်လှိုင်၏ အဖြစ်သည် ရွေးကောက်ပွဲကို ငွေကုန်ကြေးကျခံ လုပ်လာခဲ့သော်လည်း ဒုံရင်းက ဒုံရင်းအဖြစ်မှ တက်မလာ၍ ပေါက်ကွဲသံစဉ်များ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။
၎င်းတဦးတည်း သဘောဆိုက အရှက်ကို ဘေးချိတ်ထားသူပီပီ မည်သို့မျှ ခံစားရမည် မဟုတ်သော်လည်း ၎င်းကို အထင်တကြီး ရှိနေကြသော နောက်လိုက်များ အကြားတွင်တော့ နိုင်ငံရေး အရရော၊ ဂုဏ်သိက္ခာအရပါ ထိခိုက်နာကျင်စရာ ဖြစ်သွားခဲ့ရပေပြီ။
နိုင်ငံတကာတွင် “အရပ်သားအစိုးရ” ဟန်ဆောင်ပြီး တရားဝင်အစိုးရ ဖြစ်လာပါက အာဆီယံလည်း ဘာမှမတတ်နိုင် ဆက်ဆံလာကြမည်၊ ဖိအားများ လျော့ကျပြီး အမေရိကန်နှင့်ပင် ဆက်ဆံရေး ပြန်ကောင်းလာပြီး တရုတ်၏ ကုပ်ခွစီးခံနေရသည့်အဖြစ်မှ အထိုက်အလျောက် ပြေလျော့နိုင်သည်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း ပြန်ရလာနိုင်သည်ဟု မက်လုံးပေး၍ သမ္မတရာထူးကို မရမက ယူလာခဲ့သူ ဖြစ်သည်။
၎င်းကလည်း သမ္မတကြီး ဦးဝင်းမြင့်ကို ဟန်ပြလွှတ်ပေးခြင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းပေးခြင်းများဖြင့် ကြိုးစားပြခဲ့ရှာသည်။
ထိုသို့ နိုင်ငံတကာ အသိုက်အဝန်း၌ တရားဝင်မှု ရရှိရန် ဦးဆောင် ကြိုးပမ်းနေသော်ငြားလည်း ၎င်းအား အိမ်နီးချင်းနိုင်ငံများက တန်းတူ မဆက်ဆံကြခြင်း၊ အစည်းအဝေး ခုံတန်း နောက်ဆုံး သို့မဟုတ် လုံးဝ မပါဝင်ရခြင်းက သူ့အာဏာနှင့် လုံခြုံမှုကို ထိခိုက်စေသည်။ အထူးသဖြင့် ရွေးကောက်ပွဲကျင်းပပြီး “အရပ်သားအစိုးရ” ဟု မိမိကိုယ်ကို ပုံဖော်နေချိန်တွင် ယခုလို ပယ်ထုတ်ခံလိုက်ရမှုက ပို၍ပင် ထိခိုက်သွားခဲ့ရသည်။ မင်းအောင်လှိုင် အဖို့က သမ္မတစစ်စစ် ဖြစ်မလာဘဲ လူထုကပေးထားသော “လှိုင်သာယာ မင်းသားကြီး” ဘွဲ့နှင့် ကျေနပ်ရမလို ဖြစ်နေသည်။
အထက်တွင်ပြောခဲ့သလို ၎င်းက ကျေနပ်ကောင်း ကျေနပ်နိုင်သော်လည်း ကြံ့ဖွတ်ပါတီကတော့ ထင်တိုင်းမပေါက်၊ လိမ်ညာခံလိုက်ရသလို ခံစားနေကြရပြီ ဖြစ်သည်။ ၎င်းတို့အဖို့က မင်းအောင်လှိုင် အလိုကျ လွှတ်တော်ဥက္ကဋ္ဌ ဆိုကာ ဝတ်ရုံနက်ကြီးခြုံပြီး အစည်းအဝေးတွင် သွားထိုင်ပေးခဲ့ရရုံ၊ ဝန်ကြီးရာထူးများအားလည်း အရေးမပါသော နေရာ သုံးလေးနေရာလောက်ကို ဦးသိန်းစိန်လက်ထက် သက်ကြားအိုများကိုသာ ခွဲဝေပေးခဲ့သည်များနှင့် ရောင့်ရဲ တင်းတိမ်ခဲ့ကြရသည် မဟုတ်ပါလား။
နိုင်ငံခြားရေးဌာန၏ ကြေညာချက်တွင် “မြန်မာပြည်သူများ၏ စစ်မှန်သော ဆန္ဒကို လျစ်လျူရှုခြင်း” ဟု ပါရှိသည်။ တကယ်တမ်း ပြောကြေးဆိုက ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုပြီး နိုင့်ထက်စီးနင်း လုပ်သွားသည်က မင်းအောင်လှိုင်သာ ဖြစ်သည်ဟု ၎င်းတို့စိတ်ထဲတွင် တွေးစရာ ဖြစ်လာသည်။ လူထုက ယုံယုံကြည်ကြည်နှင့် မိမိတို့ကို ရွေးချယ်တင်မြှောက်လိုက်သည်ကို မင်းအောင်လှိုင်လက်ထဲ ထိုးအပ်ရက်သည်ဟု လူထုက မထင်ကြပေဘူးလော။ တကယ်တမ်းတွင် ထိုသို့ ရည်ရွယ်ချက်ဖြင့် မဲပေး ရွေးချယ်ခဲ့ကြသူများလည်း ရှိကောင်း ရှိနိုင်ပေသည်။
၎င်းတို့သဘောနှင့် ၎င်းတို့ အုပ်ချုပ်ခွင့်ရမည်ဆိုလျှင် ဦးသိန်းစိန်၏ ဩဝါဒခံယူပြီး လူထုအကြိုက် ပြုပြင်ပြောင်းလဲရေးများကို သကြားကျွေးနိုင်စရာများ များစွာရှိနေသည်ကို မမြင်ဘဲ နေကြမည် မဟုတ်။
ဥပမာ ဓာတ်ဆီကို ခွဲတမ်းဖြင့် ရောင်းနေရသည်မှာ အဆင်ပြေလာ၍ စုံ-မ စနစ်ဖြင့် သွားလာနေရသည်ကို ဖျက်သိမ်းပစ်ခြင်း၊ ဖေ့စ်ဘွတ်ခ်ကို ပိတ်ပင်ထားခြင်းသည် မည်သို့မျှ မထိရောက်၍ VPN ခံစရာမလိုအောင် အရင်ကလို ပြန်၍ခွင့်ပြုခြင်း၊ ပြည်ပထွက်ခွာလိုသူများ၊ ခေတ္တ အလည်ပြန်လာသူများကို သတ်မှတ်ထားသော အခွန်ပေးဆောင်ပြီးပါက အကန့်အသတ်မရှိ ခွင့်ပြုပေးခြင်းတို့ ဖြစ်သည်။ ရန်ကုန်မြို့နေတဦး အဆိုအရ ပြန်လာသူများကို စည်းကမ်းချက် အမျိုးမျိုး ထုတ်ပြန်နေသဖြင့် မိသားစုများက ထိုင်းသို့သွားပြီး တွေ့နေကြရသဖြင့် ထိုင်းနှင့် ရန်ကုန် လေဆိပ်ဝန်ထမ်းများကို အလုပ်အကျွေးပြုသလို ဖြစ်နေသည်သာ အဖတ်တင်နေသည်ဟု ဆိုသည်။ နယ်စပ်ကုန်သွယ်ရေးကို ဖွင့်ပေးမည် ဆိုက ကုန်စည်များ အလျှံပယ် ဖြစ်လာနိုင်ပြန်သည်။
စစ်တပ်အတွင်းမှ လူများသည်လည်း ယခုလက်ရှိတွင် ထိုသို့ လုပ်ပေးပါက ပြေးဟေ့ ဆိုလျှင် ရန်ကုန် တမြို့လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ထွက်၍ ပျော်ပျော်ကြီး ပြေးကြမည်၊ ကခုန်ကြမည်ကို သိနေပါလျက် မည်သူမျှ မင်းအောင်လှိုင်ကို အကြံမပေးရဲကြ။ ၎င်းတို့ ခေါင်းဆောင်ကြီးသည် ရုရှားသမ္မတ ပူတင်နှင့် ရှားရှားပါးပါး တွေ့ဆုံခွင့်ရသည့် အခိုက်အတန့်တွင်ပင် “ကြွက်မင်းကြီး” ဖြစ်ခဲ့ပါသည်ဟု စာအုပ်ပင် ယူသွားပြီး ပြောရဲသည့် အသိဉာဏ်မျိုး ပိုင်ဆိုင်ထားသူ ဖြစ်မှန်း သိထား၍ အကောင်းပြောလည်း အကောင်းထင်မည် မဟုတ်ဘဲ ဇော်မဲလုံး၏ ကံကြမ္မာမျိုး ဆိုက်သွားနိုင်သည် မဟုတ်ပါလား။
ပူတင်သည်လည်း မကြာမီက ပြီးဆုံးသွားသော ဒုတိယကမ္ဘာစစ်အောင်ပွဲ အခမ်းအနားသို့ ဒီတခါတော့ ၎င်းအား မခေါ်ရဲတော့၊ ဒီတခါလာလျှင် “ကြွက်မင်းကြီး” အဖြစ်မှ “ကြောင်မည်းကြီး” ဟု ဘုမသိ ဘမသိ အပြောခံရနိုင်သည်ဟု တွေးပြီး စိုးရိမ်လာ၍ ဖြစ်မည်။ ရုရှားလူမျိုးများသည် ကြောင်မည်း black cat အား ကံဆိုးမှု ကြုံရနိုင်သည့် နိမိတ်ဟု ယုံကြည်ထားကြခြင်းကြောင့် ဖြစ်သည်။
မင်းအောင်လှိုင်အဖို့က ယူနီဖောင်းချွတ်ပြီး တိုက်ပုံ ပြောင်းဝတ်လာသော်လည်း လက်ရှိ တည်ငြိမ်သည်ဟု ၎င်းယူဆထားသော status quo ပိုနေမြဲ ကျားနေမြဲ အနေအထား ပျက်ယွင်းသွားမည်ကို စိုးရိမ် ကြောက်လန့်စိတ်နှင့် ဆုံးဖြတ်ချက်အားလုံးကို ၎င်းတဦးတည်းကသာ ချုပ်ကိုင်ထားချင်သည့်အတွက် ပြောင်းလဲနေသည့် အခြေအနေများအပေါ် မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် တုံ့ပြန်နိုင်စွမ်း Agility မရှိ ဖြစ်နေသည်ကို တွေ့နေရသည်။
လူဟောင်း ဖြစ်နေပြန်၍ အခြားနိုင်ငံ ခေါင်းဆောင်သစ်များလို ဟန်နီမွန်း ရက် ၁၀၀ လည်း ခံစားနိုင်ခွင့် မရှိ။ ခုထိလည်း မည်သို့လုပ်ရမည်မသိ၊ ၎င်းကျွမ်းကျင်သည်က မိသားစုစီးပွားရေးသာ ဖြစ်သည်။ ကျန်သည်များက ဘယ်အချိန် ဖြစ်လာမည်မှန်း မသိသော အကြောင်းများကိုသာ မိုးလားကဲလား ပြောပြီး ဟန်ကိုယ့် နေခြင်းမျိုးသာ ရှိသည်။ နိုင်ငံရေးသမား ဖြစ်လိုလျှင် political posture ကို နားလည်ရမည် ဆိုသည်ကိုလည်း ၎င်းကအစ တဖွဲ့လုံး လုံးလုံးမျှပင် မသိ။
ယခု နိုင်ငံခြားရေးဌာနသည်လည်း ၎င်းမသိဘဲနှင့် က ကြီး ခ ခွေးပင် ရေးသားထုတ်ပြန်ရဲခြင်း မရှိကြ၍ ယခုလို ရေးလာသည်ကို ကြည့်ပြီး မင်းအောင်လှိုင် ပေါက်ကွဲပြီဟု ပြောနိုင်ခြင်း ဖြစ်ပေသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးတွင် အစိုးရသစ်သာ ပြောနေသော်လည်း “မိမိနိုင်ငံသားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်နေဆဲ” ဖြစ်သည့်အတွက် အာဆီယံအစည်းအဝေး များတွင် နေရာပြန်ရဖို့ အဆင်သင့်မဖြစ်သေးဟု ရှင်းလင်းစွာ ပြောဆိုခဲ့ပြီးလည်း ဖြစ်သည်။
တကယ်လည်း မြန်မာတွင် polycrisis ခေါ် ပြဿနာများ တခုနှင့်တခု ဆက်စပ် ရောထွေးပြီး တစုတဝေးတည်း ဖြစ်လာနေသည့် “အကျပ်အတည်းပေါင်းစုံလင်လှသည့် အရှုပ်ထုပ်ကြီး” နှင့် ရင်ဆိုင်နေရပြီး မင်းအောင်လှိုင်လို ပုဂ္ဂိုလ်မျိုးက ရှင်းနိုင်ပါမည်လော ဆိုသည့် မေးခွန်းက ဘက်ပေါင်းစုံမှ ထွက်ပေါ်လာနေပြီ ဖြစ်သည်။
ထိုမေးခွန်း၏ အဖြေကား ရှင်းလှပေသည်။ မင်းအောင်လှိုင်အနေနှင့် လက်ရှိကျင့်သုံးနေသည့် “စစ်အင်အားသုံး ဖြေရှင်းနည်း” နှင့် “၎င်းတဦးတည်း ချုပ်ကိုင်ထားလိုသည့် မူဝါဒ” များဖြင့် Polycrisis ကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ နိုင်ငံကို ပိုမိုနက်ရှိုင်းတဲ့ အကျပ်အတည်းထဲသို့သာ ဆက်၍ ဆွဲခေါ်သွားဖို့ ရှိနေပေသည်။
ထို့အတွက် ရလဒ်သည်က ကြေမွပျက်စီးနေသည့် မြေ၊ အဖတ်မဆယ်နိုင်အောင် ပျက်စီးသွားသည့် လူနေမှုဘဝများနှင့် ရိုက်ချိုးခံလိုက်ရသည့် အိပ်မက်များသည်သာ ကျနော်တို့ခေတ်ကာလ၏ အဓိက ဖြစ်ရပ်ဆိုးများအဖြစ် ကျန်ရှိနေပေဝောာ့မည်။











