DVB Logo
Home
မြန်မာသတင်း
ရခိုင်နှင့် ရန်ကုန်က Stay at Home မြို့နယ်များတွင် မဲဆွယ်စည်းရုံးလှည့်လည်ခွင့်မရ 
DVB
·
September 8, 2020
ရခိုင်နှင့် ရန်ကုန်က Stay at Home မြို့နယ်များတွင် မဲဆွယ်စည်းရုံးလှည့်လည်ခွင့်မရ 
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲဝင်မယ့်နိုင်ငံရေးပါတီတွေ စတင်မဲဆွယ်စည်းရုံးနိုင်ပြီဖြစ်ပေမယ့် Stay at Home သတ်မှတ်ထားတဲ့ ရခိုင်တပြည်နယ်လုံးနဲ့   ရန်ကုန်တိုင်းက ၇ မြို့နယ်မှာ လှည့်လည် မဲဆွယ်စည်းရုံးစုဝေးတာတွေကို တားမြစ်ထားပါတယ်။

နေအိမ်မှာနေထိုင်ရေးအစီအစဉ် Stay at Home သတ်မှတ်ထားတဲ့ ပြည်နယ်၊ တိုင်း၊ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ လှည့်လည်စည်းရုံးတာ၊ ပြင်ပနေရာတွေ၊ အဆောက်အအုံတွေထဲမှာ မဲဆွယ်စည်းရုံးတာ၊ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးတာတွေ လုံးဝ မလုပ်ရဘူးလို့ တားမြစ်ထားပါတယ်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က “ဘယ်လို လုပ်လို့ရမလဲဆိုတော့ အိမ်အပြင်မှာပဲရမယ်။ အိမ်အပြင်ကနေပြော။ လက်ကမ်းစာစောင်တွေ ဝေပေးခဲ့ပေါ့။ နောက်တခုကတော့ လူတွေလာတတ်တဲ့ ဈေးလိုနေရာတွေမှာ လက်ကမ်းစာစောင်တွေ  ယူလို့ရအောင် ထားပေးတာမျိုးပေါ့။ ဒါမျိုးပဲရမယ်” လို့ ပြောပါတယ်။

အဲဒီလိုသွားလာရာမှာလည်း လူအများကြီးနဲ့သွားလို့မရဘူးလို့လည်း ပြောပါတယ်။ 

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်ကတော့ မဲဆွယ်စည်းရုံးတာ ကို အွန်လိုင်းကပဲလုပ်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်တဲ့ မဲဆွယ်စည်းရုံးရေး လုပ်ရာမှာ လိုက်နာရမယ့် အချက်တွေထဲမှာ ထုတ်ပြန်ပြီးသား အမိန့်နဲ့ ညွှန်ကြားချက်တွေ၊ ထပ်ပြီး ထုတ်မယ့် အမိန့်နဲ့ညွှန်ကြားချက်တွေနဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့အပေါ်မူတည်ပြီး ထုတ်ပြန်ထားတဲ့ ဒေသန္တရ အမိန့်တွေနဲ့အညီ လိုက်နာဖို့လိုတယ်လို့ ဆိုပါတယ်။

Stay at Home အစီအစဉ်မှာပါဝင်တဲ့ အင်းစိန်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် လောင်း ဦးဝေဖြိုးဟန်က “ဘာမှလုပ်လို့ ရဘူးပေါ့ခင်ဗျာ။ ကျနော်တို့ကတော့ အွန်လိုင်းက ကျနော်တို့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေပြီးတော့ပဲ ပေးချင်တဲ့ မက်ဆေ့ဂျ်(သတင်းစကား)တွေကို ပေးဖို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေအားလုံးမှာ  Stay at Home အစီအစဉ်အမိန့်ထုတ်ထားသလို ရန်ကုန်တိုင်းထဲက သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နဲ့ မင်္ဂလာဒုံမြို့နယ်တို့ကိုလည်း Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက  အမိန့်ထုတ်ပြန်ထားတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013