
အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ ပေးတွေ့ဆုံမှာမဟုတ်ကြောင်း စစ်အာဏာရှင်အစိုးရ ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက ပြောဆိုသွားပါတယ်။
ဒီကနေ့ ဇွန် ၃၀ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်အာဏာရှင်သမ္မတရုံးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ ဆေးစစ်မှုတွေ ပုံမှန်လုပ်ပေးနေတယ်လို့လည်း ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ အလွန်ကောင်းမွန်နေပါတယ်။ ဘာမှ ပြဿနာမရှိပါဘူး။ အပြည့်အဝကောင်းမွန်နေပါတယ်။ ဆေးစစ်မှုတွေကိုလည်း ပုံမှန်ပြုလုပ်နေပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ပေးတွေ့ဆုံပေးခြင်း ရှိ၊ မရှိနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ပြစ်ဒဏ်ကျခံနေရသူ ဖြစ်တာကြောင့် ဥပဒေအရ ပြစ်ဒဏ်ကျခံပြီးမှပဲ တွေ့ဆုံခွင့်ရမယ်လို့ ပြန်လည်တုံ့ပြန်သွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ်က မိခင်ဖြစ်သူဟာ နှလုံးရောဂါနဲ့ အရိုးပွရောဂါတွေ ခံစားနေရပြီး ကျန်းမာရေး ပိုဆိုးရွားလာကြောင်း သူ ကြားသိရတဲ့ အခြေအနေကို ဂျပန်သတင်းဌာန Kyodo နဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ကိုလည်း သားဖြစ်သူနဲ့အတူ ပြည်တွင်း ပြည်ပမှာ တောင်းဆိုလှုပ်ရှားမှုတွေ ပြုလုပ်နေပေမဲ့ စစ်တပ်ဘက်က တစုံတရာ သက်သေပြတာမရှိဘဲ ကျန်းမာရေးကောင်းမွန်တယ်လို့သာ ပြောဆိုနေတာ ဖြစ်ပါတယ်။











