DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးကဗျာ အမြင့်ဆုံးဈေးကျပ်သိန်း ၂,၄၀၀ ဖြင့် လေလံအောင်
DVB
·
September 6, 2020
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးကဗျာ အမြင့်ဆုံးဈေးကျပ်သိန်း ၂,၄၀၀ ဖြင့် လေလံအောင်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်တိုင်ရေး ကဗျာစာရွက်တရွက်တရွက်ကို လေလံတင်ရောင်းချခဲ့ရာမှာ အမြင့်ဆုံးဈေး ကျပ်သိန်းပေါင်း ၂,၄၀၀ နဲ့ လေလံအောင်မြင် သွားခဲ့ပါတယ်။

စက်တင်ဘာ ၅ ရက်နေ့ ညပိုင်းက REDs Vote NLD အမည်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ တိုက်ရိုက်လိုက်ဖ်လွှင့်ပြီး အမြင့်ဆုံးဈေးပေးဝယ်ယူနိုင်မယ့် လေလံပွဲကို ကျင်းပခဲ့တာ ဖြစ်ပါ တယ်။

လေလံအောင်သွားခဲ့သူရဲ့ အမည်ကိုတော့ ကာယကံရှင်ရဲ့ ဆန္ဒအရ ထုတ်ဖော် ကြေညာတာမျိုးမရှိခဲ့ဘဲ ဒီငွေလွှဲပြောင်းပေးအပ်ပွဲနဲ့အတူ အသိပေးသွားမယ်လို့ ဆိုပါတယ်။

ဒီလေလံပွဲကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့က စတင်ပြီး ဦးဆောင်သူ တယောက်ဖြစ်တဲ့ အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် ဖိတ်ခေါ်ထားခဲ့တာ ဖြစ်ပါတယ်။

“အမေစု လက်ရေးကဗျာစာရွက်ကို ၄ ရက်နေ့ မနက် ၀၉:၄၇ မိနစ်တွင် မိတ်ဆွေတဦးမှ ၄၀၅ သိန်း နဲ့ လေလံစျေးတိုးမြှင့်ပေးပါပြီ… နောက်ထပ် လေလံတိုးမြှင့်ပေးလိုသူများအနေဖြင့် မူရင်းပို့စ် https://www.facebook.com/100002495768008/posts/3321845417908618/ သို့ သွားရောက်လေ့လာပြီး ကျွန်တော့် CB တွင်လာရောက် ထပ်မံတိုးမြှင့်ပေးနိုင်ပါတယ်။”

ဒီလေလံပွဲကရရှိတဲ့ အကျိုးအမြတ်တွေအားလုံးကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးရန်ပုံငွေအနေနဲ့ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဒီကဗျာစာရွက်ကတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးအတွက် ၂၀၁၁ ခုနှစ်တုန်းက ကဗျာပွဲတော်ကို ယူသွားဖို့ ကဗျာဆရာတယောက်အနေနဲ့ တောင်းခံခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ရေးနဲ့ ရေးသားပေးခဲ့တဲ့ ကဗျာဖြစ်တယ်လို့ ဆိုပါတယ်။

“30th June 2011 နေ့ ညနေပိုင်း ၄ နာရီလောက်က အမှတ် ၅၄ အိမ်ထဲမှာ အမေစု ကိုယ်တိုင်ပေးခဲ့တာပါ။ ထမင်းစားခန်းထဲမှာ တွေ့ရတာပါ။ ကန်တော့ခဲ့ပါသေးတယ်။ အပြင်မှာ ဦးဝင်းထိန် ရှိတယ်။”

ဒီစာရွက်လေလံအစီအစဉ်နဲ့ ပတ်သက်ပြီး ကိုမောင်မောင်အေးက ဩဂုတ် ၃၁ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုဖော်ပြထားပါတယ်။

“ကဗျာရေးထားတဲ့စာရွက်က ခြံအမှတ် ၅၄ Letterhead နဲ့… ဒီကဗျာလေးကို ကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကနေပြီး NLD အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးမှာ စိတ်ကြိုက်သုံးစွဲဖို့ရန်ပုံငွေအဖြစ် လေလံတင်ရောင်းချပြီး တပြားမကျန် လှူဒါန်းပေးသွားဖို့ ဆက်သွယ်လာပါတယ်ခင်ဗျာ… ဒါကြောင့်မို့လို့ အခုချိန်ကနေစတင်ပြီး လာမယ့်စနေနေ့ (၅ ရက်နေ့) ညနေ ၉ နာရီအထိ လေလံကာလသတ်မှတ်ထားပြီး စျေးအမြင့်ဆုံး ပေးနိုင်တဲ့သူကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။”

စာရွက်ပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးမူနဲ့အတူ

 ကဗျာဆိုတာ…

 လူ့စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ၊

 လူ့နှလုံးသားရဲ့ ခုန်လှုပ်သံ၊

 လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ၊

 လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊

 ကဗျာဆိုတာ…

 ကျမတို့ရဲ့ ရုန်းကန်သံပါပဲ... လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

ဒီစာရွက်လေလံဈေးကို ကျပ် ၅၄ သိန်း ကြမ်းခင်းဈေးအနေနဲ့ သတ်မှတ်တာကတော့ ခြံအမှတ် ၅၄ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးကဗျာဖြစ်တဲ့အတွက် အမှတ်တရဖြစ်အောင် သတ်မှတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဝယ်ယူလိုသူတွေကိုတော့ မောင်မောင်အေးက သူ့ရဲ့ ပို့စ်အောက်မှာ ဖိတ်ခေါ်ထားတာ ဖြစ်ကာ စည်းကမ်းအနေနဲ့ စျေးတကြိမ်တိုးတိုင်း ၁ သိန်းနဲ့အထက် သိန်းဂဏန်း အတိသာ တိုးခွင့်ပြုသွားမယ်လို့လည်း ဖော်ပြထားခဲ့ကာ ရက်ပိုင်းအတွင်းမှာကို လေလံဈေး သိန်းရာထောင်ချီ ထိုးတက်သွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013