
ရန်ကုန်တိုင်းက ၂၇ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၃၇ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၇၄၅ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) က ၁၄၇ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၃၃၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က၂၂၄ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့က ၇၆ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့က ဓာတ်ခွဲနမူနာ ၅၉ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့က ၁၁ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) က ၃၁ ခု၊ ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့က ၇ ခု၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) က ၅၂ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၆၉၁ခု အား ဒီနေ့ည ပထမသုတ်အဖြစ် စစ်ဆေးပြီးစီးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၇ ဦး တွေ့ရှိခဲ့တာပါ။
ရန်ကုန်တိုင်းက အသစ်တွေ့ရှိတဲ့လူနာ ၂၇ ဦးမှာ သင်္ဃန်းကျွန်းက ၇ ဦး။ မြောက်ဥက္ကလာ၊ ဒဂုံ၊ မင်္ဂလာဒုံ၊ တာမွေ၊ ဒေါပုံနဲ့ ပုဇွန်တောင်မြို့နယ်တို့က ၁ ဦးစီ။ တောင်ဥက္ကလာနဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့က ၃ ဦးစီ၊ သာကေတနဲ့ စမ်းချောင်းမြို့နယ်တို့က ၂ ဦးစီနဲ့ ပန်းဘဲတန်းမြို့နယ်က ၄ ဦး တို့ ဖြစ်ပါတယ်။
မန္တလေးတိုင်း မြင်းခြံမြို့က ၁ ဦး၊ ရခိုင်ပြည်နယ် စစ်တွေက ၁ ဦးနဲ့ ကျောက်ဖြူမြို့နယ်က ၅ ဦး၊ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်က ၁ ဦး၊ ရှမ်းပြည်နယ် လားရှိုးမြို့နယ်က ၁ ဦး၊ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်က ၁ ဦးတို့ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၂၅၃ ဦး၊ သေဆုံးသူ ၇ ဦး၊ နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၇၁ ဦးအနက် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၆၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် (၁၁၉) ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေရဲ့ သတင်းအချက်အလက်တွေကို ပြုစုနေပြီး ထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။










