
လက်ပံတန်းမြို့မှာ Quarantine စင်တာကို လာရောက်နှောင့်ယှက်သူ ၁ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေနဲ့ ပထမဆုံး အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) မှာ ဖွင့်လှစ်ထားတဲ့ Cummunity Base Facility Quarantine စင်တာမှာ မင်္ဂလာဒုံမြို့နယ်က ပြန်လာတဲ့ ညီဖြစ်သူ ထွန်းနောင်ရှိန်ကို ထားရှိတာကို မကျေနပ်တဲ့ အစ်ကိုဖြစ်သူက လာရောက်နှောင့်ယှက်တာကြောင့် ဖမ်းဆီးအရေးယူထားတာလို့ Quarantine စင်တာ လက်ထောက်တာဝန်ခံ ကိုကျော်ဇင်သန်းက ပြောပါတယ်။
“ည ၉ နာရီလောက်မှာ သူက ဒီ Quarantine စင်တာထဲအထိ လာပြီး အနှောင့်အယှက်ပေးတာ။ ကန့်သတ်ထားတဲ့ ဧရိယာအထိ ကျော်လာတော့ တာဝန်ရှိသူတွေက မေးတဲ့အခါ ရိုင်းပျစွာ ပြန်ပြောတယ်။ ကျနော်တို့ ပြဿနာဖြစ်မှာစိုးတာကြောင့် ရဲကို အကြောင်းကြားလိုက်လို့ ၉ နာရီခွဲလောက်မှာ ရဲက လာခေါ်သွားတယ်။”
ကျော်မင်းထွန်းကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူရထွန်းလင်းက အရေးယူပေးဖို့ တရားလိုပြုလုပ် တိုင်တန်းတာကြောင့် လက်ပံတန်းမြို့ မြို့မရဲစခန်းက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ(၂၆)နဲ့ အမှုဖွင့်ထားတယ်လို့ လက်ပံတန်းရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
သတင်း - ဝဏ္ဏထွန်း











