
ရန်ကုန်တိုင်းအတွင်းမှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ ၉၇၁ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားနေတဲ့ကာလအတွင်း မြို့နယ်အလိုက်ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ပြင်ပသွားလာခြင်းမပြုလုပ်ဖို့ ထုတ်ပြန်ထားတာပါ။
ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့်ကို ပြီးခဲ့တဲ့ ဧပြီလအတွင်း စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး နောက်ထပ် ကိုဗစ် ဒုတိယလှိုင်း ကူးစက်မှုနှုန်းမြန်ဆန်လာတဲ့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ကနေလှည့်ကင်းနဲ့ လိုက်လံ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂ ရက်က ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၆၄၇ ဦးနဲ့ ၃ ရက်နေ့က ၃၂၄ ဦး စုစုပေါင်း ၉၇၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရပါတယ်။
ညမထွက်ရအမိန့် ဖောက်ဖျက်ကျုးလွန်သူ ကျား ၉၂၆ ဦး၊ မ ၄၅ ဦး၊ စုစုပေါင်း ၉၇၁ ဦး နဲ့ မော်တော်ယာဉ် ၁၈၄ စီး၊ ဆိုင်ကယ် ၄၂ စီး ပါဝင်နေပြီး လက်ရှိတော့ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ကနေ ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
လှိုင်မြို့နယ်အတွင်း Stay at Home သတ်မှတ်ပြီးနောက်ပိုင်း ညမထွက်ရအမိန့် မလိုက်နာသူ စုစုပေါင်း ၄၁ ဦးကို လှိုင်မြို့မရဲစခန်းနဲ့ ပိတောက်ချောင်းရဲစခန်းကနေ ဖမ်းဆီးအရေးယူထားပြီး တရားရုံးကို တင်ပို့ထားတယ်လို့ လှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
ရန်ကင်းမြို့နယ်မှာတော့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက ညပိုင်း လိုက်လံစစ်ဆေးနေပြီး ညမထွက်ရအမိန့် မလိုက်နာသူ ၁၇ ဦး ရှိကာ အများစုက စားဝတ်နေရေးအတွက် မဖြစ်မနေ အပြင်ထွက်ရတဲ့ အခြေခံလူတန်းစားတွေ ပါဝင်နေတယ်လို့ သိရပါတယ်။
စမ်းချောင်းမြို့နယ်မှာတော့ ညမထွက်ရအမိန့်ကို ဖောက်ဖျက်ကျူးလွန်သူ ၁၁ ဦးကို စမ်းချောင်းမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီး ပုဒ်မ ၁၈၈ နဲ့ တရားစွဲဆိုပြီး မြို့နယ်တရားရုံးက အလုပ်မဲ့ထောင်ဒဏ် တစ်လစီ ချမှတ်ခဲ့တယ်လို့ စမ်းချောင်းမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ အရ အမှုဖွင့်တရားစွဲဆိုခံရပါက အလုပ်လက်မဲ့နဲ့ ထောင်ဒဏ် တစ်လ အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၂၀၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရနိုင်ပါတယ်။
သတင်း- နန့်ခိုင်၊ ဓာတ်ပုံ- Yangon Police











