DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ရှိ KTV ဆိုင် ၂ ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေး အရေးယူ   
DVB
·
September 4, 2020
ရန်ကုန်ရှိ KTV ဆိုင် ၂ ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေး အရေးယူ   
1 / 2
Donate to DVB

ရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့ KTV ဆိုင် ၂ ဆိုင်မှ ဆိုင်ပိုင်ရှင် ၂ ဦးနဲ့  မန်နေဂျာ ၂ ဦးတို့ကို  သက်ဆိုင်ရာရဲစခန်းတွေမှာ  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၀(က)နဲ့ အမှုဖွင့် အရေးယူခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂ ရက်ညပိုင်းက  ဗဟန်းမြို့နယ်၊ ဆရာစံလမ်းရှိ LAX KTV ဆိုင်နဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းရှိ Privacy KTY ဆိုင်တွေကို ရဲတပ်ဖွဲ့ဝင်တွေက  သတင်းရ ဝင်ရောက်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးရာမှာ  LAX KTV ဆိုင်မှ မန်နေဂျာနဲ့ ဆိုင်ဝန်ထမ်း ၂ ဦး၊ အကူသီဆိုသူ အမျိုးသမီး ၂ ဦး၊ လာရောက်သီဆိုသူ အမျိုးသား ၁ ဦး၊ စုစုပေါင်း ၆ ဦးကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ Privacy KTV ဆိုင်မှ မန်နေဂျာနဲ့ ဆိုင်ဝန်ထမ်းတွေ၊ အကူသီဆိုသူ အမျိုးသမီးတွေနဲ့  လာရောက်သီဆိုတွေ  စုစုပေါင်း ၃၈ ဦးကိုလည်း  စစ်ဆေးတွေ့ရှိခဲ့လို့  KTV ဆိုင် ၂ ဆိုင်မှ တာဝန်ရှိသူတွေကို အမှုဖွင့်အရေးယူခဲ့တာလို့ ရဲသတင်းမှာ ဖော်ပြပါတယ်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဝင်တွေဟာ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကာလအတွင်း ရောဂါကူးစက်မှု ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် လုပ်ငန်းကော်မတီရဲ့ အမိန့်နဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ပျက်ကွက်တဲ့ KTV/ Night Club တွေကို လိုက်လံစစ်ဆေးအရေးယူနေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့က ရန်ကုန်တိုင်းမှာ ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ အမျိုးသား ၆၁၈ ဦးနဲ့ အမျိုးသမီး ၂၉ ဦး စုစုပေါင်း  ၆၄၇ ဦး၊  မော်တော်ယာဉ် ၁၁၁ စီးနဲ့ ဆိုင်ကယ် ၁၈ စီတို့ကိုလည်း  ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ နဲ့ အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်က ပြည်သူအများစု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းလိုက်နာမှု အားနည်းလာတဲ့ အကြောင်းနဲ့  ကန့်သတ်ထားတဲ့ကြားက  ဖွင့်လှစ်နေတဲ့ Night Club တွေကို  ထိထိရောက်ရောက် အရေးယူဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြီးခဲ့တဲ့အွန်လိုင်း ဆွေးနွေးပွဲမှာ  ပြောထားပါတယ်။

ဓာတ်ပုံ- YGN Police

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013