Home
မြန်မာသတင်း
ဂျပန်တွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသား ၁၄၃ ဦးကို ပြန်ခေါ်
DVB
·
September 4, 2020
118577803_1558907494309540_8866114646606121216_o
ဂျပန်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၄၃ ဦးနဲ့ မြန်မာနိုင်ငံအတွင်း အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေမှာ  တာဝန်ထမ်းဆောင်မယ့် ဂျပန်ပညာရှင်/ ကျွမ်းကျင်သူတွေအပါအဝင် စုစုပေါင်း ၁၉၃ ဦးကို မနေ့က ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ဂျပန် နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၄၃ ဦးကို တိုကျိုမြို့၊ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ANA  ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည် ခေါ်ဆောင်ခဲ့ပြီး မနေ့ညနေ ၅ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ကယ်ဆယ်ရေးလေယာဉ်မှာ ဂျပန်နိုင်ငံအစိုးရရဲ့ ODA/JICA အကူအညီနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ရန်ကုန်အထူးကုဆေးရုံကြီး စီမံကိန်း၊ မကွေး ဆေးရုံတည်ဆောက်ရေးစီမံကိန်း၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ပဲခူးတံတားတည်ဆောက်ရေး စီမံကိန်း၊ အရှေ့- အနောက်စီးပွားရေး စင်္ကြန်စီမံကိန်း၊ ရန်ကင်းမြို့နယ် ဆောက်လုပ်ရေးစီမံကိန်း၊ ဒဂုံမြို့သစ် ဆောက်လုပ်ရေးစီမံကိန်း၊ တိုယိုတာစက်ရုံ တည်ဆောက်ရေးစီမံကိန်း၊ သီလဝါ သံမဏိစက်ရုံ တည်ဆောက်ရေးစီမံကိန်းတို့မှာ တာဝန်ထမ်းဆောင်ကြမယ့် ဂျပန်ပညာရှင်/ ကျွမ်းကျင်သူတွေနဲ့ ရန်ကုန်မြို့၊ ဂျပန်သံရုံးက ဝန်ထမ်း စုစုပေါင်း အယောက် ၅၀ လည်း လိုက်ပါသွားကြတယ်လို့ ဆိုပါတယ်။ သူတို့အားလုံးကို ကျန်းမာရေးစိစစ်ပြီး ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခေါ်ခဲ့တာ ၆ ကြိမ်ရှိပြီလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024