
နိုင်ဂျီးရီးယားနိုင်ငံ၊ အဘူဂျာမြို့မှာ သေနတ်၊ ပစ္စတိုနဲ့ လက်လုပ်မော်တာ ပြောင်းတွေအပါအဝင် တရားမဝင် လက်နက်မျိုးစုံကို တာဝန်ရှိသူတွေက ဇူလိုင် ၃၀ ရက်မှာ လောင်စာဆီလောင်းပြီး မီးရှို့ဖျက်ဆီးပစ်ခဲ့ကြပါတယ်။
အခုလို လူထုရှေ့မှာ မီးရှို့လိုက်တဲ့ တရားမဝင် လက်နက်ငယ်နဲ့ ပေါ့ပေါ့ပါးပါး အလွယ်သုံးနိုင်တဲ့ လက်နက် ၂,၈၁၉ ခုကို နောက်ပိုင်းမှာ အရည်ကျိုပြီး လုံးဝ ဖျက်ဆီးပစ်ဦးမယ်လို့လည်း တာဝန်ရှိသူ တွေက ပြောပါတယ်။
ဒါဟာ တရားမဝင် လက်နက်တွေကို လူ့အဖွဲ့အစည်းအတွင်းကနေ လုံးဝ ပပျောက်သွားအောင် လုပ်ဆောင်နေတဲ့ စီမံချက်ရဲ့ နောက်ထပ် ခြေလှမ်းတခုဖြစ်ပြီး ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေကို အားပေးနေတဲ့ လက်နက်ထောက်ပံ့မှု လမ်းကြောင်းကို ဖြတ်တောက် လိုက်တာလည်း ဖြစ်ပါတယ်။
အခု ဖျက်ဆီးလိုက်တဲ့ လက်နက်ပစ္စည်းတွေ အပါအဝင် တရားမဝင် လက်နက်ပေါင်း ၁၉,၀၀၀ ကို သိမ်းဆည်းနိုင်ခဲ့ပြီလို့ ဖက်ဒရယ်အစိုးရက ထုတ်ပြန်ထားပါတယ်။
တရားမဝင် လက်နက်ငယ်များ ထိန်းချုပ်ရေး အမျိုးသားစင်တာ အကြီးအကဲ ဂျွန်ဆင် ကိုကူမို က “တရားမဝင် လက်နက်တွေ ပျံ့နှံ့နေတာဟာ ကျေးလက်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု၊ လူမျိုးစုအချင်းချင်းနဲ့ တောင်သူ-မွေးမြူရေးသမားတွေကြား ပဋိပက္ခတွေကနေ မြို့ပြတွေမှာဖြစ်တဲ့ လက်နက်ကိုင် လုယက်မှုနဲ့ အကြမ်းဖက်မှုတွေအထိ မလုံခြုံမှုတွေကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပဲ ဖြစ်ပါတယ်။ စနစ်တကျ စာရင်းသွင်း၊ ဖျက်ဆီးလိုက်နိုင်တဲ့ လက်နက်တိုင်း ဟာ ငါတို့ ပြည်သူတွေကို ဒုက္ခပေးမယ့်သူတွေဆီ လက်နက်တစင်း လျော့သွားတာပါပဲ" လို့ ပြောပါတယ်။
အမျိုးသားလုံခြုံရေးအကြံပေး (NSA) ရဲ့ ကိုယ်စားလှယ်လည်းဖြစ်၊ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ် အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဒန်းနစ်စ် အိုတွာရို ကတော့ "လက်နက်တွေကို ပြန်သိမ်းနိုင်ရုံနဲ့ မလုံလောက်ပါဘူး။ စနစ်တကျ မထိန်းသိမ်းတဲ့ စာရင်းပျောက် လက်နက်တွေဟာ ခိုးယူခံရတာ၊ ပေါ့ဆတာ ဒါမှမဟုတ် လာဘ်ပေး လာဘ်ယူ ပြုလုပ်တာတွေကနေ လမ်းမပေါ် ပြန်ရောက်သွားနိုင်ခြေ ရှိပါတယ်။ အခုလို လူထုရှေ့မှာ အတည်ပြု မီးရှို့ဖျက်ဆီးပြလိုက်တာဟာ ဒီလို ပြန်မရောက်အောင် လုံးဝ အပြတ် ဖြတ်တောက်လိုက်တာပါပဲ" လို့ ပြောပါတယ်။
ဒီလက်နက်တွေကို လုံခြုံရေးစစ်ဆင်ရေးတွေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးချိန်မှာ လက်နက် စွန့်လွှတ်မှုတွေကနေ သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး မဖျက်ဆီးခင်ကလည်း စနစ်တကျ စာရင်းသွင်း ရေတွက်ပြသခဲ့ပါတယ်။
Source:Reuters










