DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ရခိုင်ပြည်နယ် မြို့နယ်များ၌ ညမထွက်ရအမိန့် ထုတ်ပြန်
DVB
·
September 3, 2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ရခိုင်ပြည်နယ် မြို့နယ်များ၌ ညမထွက်ရအမိန့် ထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ရောဂါဖြစ်ပွားတဲ့ မြို့နယ်အားလုံးမှာ ညမထွက်ရအမိန့်ကို စက်တင်ဘာ ၂ ရက်ကစပြီး အမိန့်ထုတ်ပြန်လိုက်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

"အဲဒီက ကိုဗစ်ရောဂါပိုးတွေ့တဲ့မြို့အားလုံးကို ညမထွက်ရအမိန့်ထုတ်ပြန်လိုက်တယ်။ ပိုး မတွေ့တာ ရမ်းဗြဲတစ်မြို့ပဲပါတယ်။ မောင်တောနဲ့ ဘူးသီးတောင်ကတော့ ၂၀၁၇ အကြမ်းဖက်မှု ဖြစ်စဉ်ကတည်းက ညမထွက်အမိန့်ထုတ်ပြန်ထားတဲ့ မြို့တွေဖြစ်တယ်။ နဂိုကတည်းက ထုတ်ပြန်ထားတဲ့အတွက် နောက်ထပ်ထုတ်စရာ မလိုတော့ဘူး။ အဲဒီကထုတ်ပြန်ရတာက ကိုဗစ်ကာလ Stay at Home လုပ်ထားတယ်။ ပြည်သူတွေအနေနဲ့ နေအိမ်တွေမှာပဲနေကြဖို့ ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထုတ်ပြန်ရတာဖြစ်တယ်။"လို့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

ကိုဗစ်-၁၉ ပိုးတွေ့တဲ့ မြို့တွေကိုသာ ညမထွက်အမိန့်ထုတ်ပြန်တာလို့ ဝန်ကြီးက ပြောပေမယ့် ရမ်းဗြဲမြို့မှာတော့ ရောဂါပိုးတွေ့ရှိသူတဦးမှမရှိဘဲ ညမထွက်ရ အမိန့် ထုတ်ပြန်ထား တယ်လို့ သိရပါတယ်။

ရမ်းဗြဲမြို့ ရပ်မိရပ်ဖ  ဦးသိန်းလှက "ကျနော်တို့ ရမ်းဗြဲမှာ ပိုးတွေတာ ယနေ့အချိန်အထိ တစ်ဦးမှ မရှိသေးပါဘူး။ ညမထွက်အမိန့် ထုတ်ပြန်ထားတယ်။ ဒါပေမဲ့ မြို့သူမြို့သားအားလုံးက လက်ခံကြပါတယ်။ ည ၉ နာရီမှ မနက် ၄ နာရီအထိဆိုတော့ ဆိုင်ရောင်းတဲ့လူတွေလည်း ဘာမှ မနစ်နာ ကြပါဘူး။ ကိုဗစ်ရောဂါကြိုတင်ကာကွယ်မှုပိုင်းကိုတော့ ရမ်းဗြဲမှာ အဆက်မပြတ်လုပ်ဆောင် နေကြတယ်။ Mask အခမဲ့ပေးဝေတာတို့ မြို့သန့်ရှင်းရေး လုပ်တာတို့ပေါ့။ အခုလည်း တစ်မြို့လုံးကို ကြိုတင်ပြီးပိုးသတ်ဆေးဖျန်းဖို့ လုပ်ဆောင်နေပါတယ်။"လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ အမ်း၊ တောင်ကုတ်၊ မာန်အောင်၊ သံတွဲ၊ ကျောက်ဖြူ၊ ဂွ၊ ရမ်းဗြဲ၊ မောင်တောနဲ့  ဘူးသီးတောင်မြို့တွေမှာ  ည ၉ နာရီမှ မနက် ၄ နာရီထိ  ညမထွက်ရအမိန့် ထုတ်ပြန်ထားတာပါ။

ဒီအမိန့်ဟာ အများပြည်သူအကျိုးငှာ ရည်ရွယ်ပြီး ထုတ်ပြန်တဲ့ အမိန့်ဖြစ်လို့ လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး အမိန့်သက်တမ်းကာလ ၂ လ အတည်ဖြစ်ကြောင်းသိရှိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရမ်းဗြဲမြို့နယ်မှအပ ကျန်မြို့နယ် ၁၆  မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ သြဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၃ ရက် ယနေ့ မနက် ၈ နာရီအထိ ၄၆၅ ဦးရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

သတင်း - လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013