
ဧရာဝတီတိုင်းမှာ သြဂုတ် ၂၇ ရက်က ဖမ်းဆီးရမိခဲ့တဲ့ တရားဝင်အထောက်အထားမရှိသူ ၄၁ ဦးကို ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီး ကျောက်ဖြူမြို့မှာ ကွာရန်တင်း ၂၁ ရက်ထားဖို့ ရှိနေပါတယ်။
ဖမ်းမိသူ ၄၁ ဦးကို အမ်းမြို့နယ်မှတဆင့် ကျောက်ဖြူမြို့ကို စက်တင်ဘာ ၂ ရက်နေ့မှာ ပို့ဆောင်လာတယ်လို့ ကျောက်ဖြူခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဇော်က ပြောပါတယ်။
“ပထမ သူတို့ကို ဧရာဝတီတိုင်းမှာ ဖမ်းမိတာပေါ့၊ အဲဒီကမှ တဆင့် ကားနဲ့လာပို့တာ။ ရေကြည်မှာနားပြီးတော့ အဲဒီမှာ ကိုဗစ် စစ်ဆေးတဲ့အချိန်မှာ တစ်ယောက်တွေ့တယ်။ အဲဒီ ၁ ယောက်ကိုထားခဲ့ပြီးတော့ ကျန်တဲ့ ၄၁ ယောက်ကို အဲဒီကားနဲ့ပဲ ဆက်ပြီးတော့ အမ်းလမ်းကပြန်ပို့တယ်၊ အမ်း(လ.ဝ.က)နေပြီးတော့ ဒီကိုတစ်ဆင့် ပြန်ပို့တာပေါ့။”
အဆိုပါ ၄၁ ဦးဟာ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး လက်ရှိမှာတော့ ကျောက်ဖြူမြို့ ကျောက်တလုံးအနီးရှိ မူလတန်းစာသင်ကျောင်းမှာ ယာယီ နေရာချပေးထားကာ Quarantine ၂၁ ရက်ထားရှိသွားမှာဖြစ်ပါတယ်။
လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဇော်က “အကုန်လုံး ၄၇ ယောက်ဖမ်းမိတာပေါ့။ အဲဒီမှာပို့ဆောင်သူတွေကိုတော့ သက်ဆိုင်ရာ မြို့နယ်တွေက တရားစွဲဆိုထားလိုက်တယ်။ အခုကတော့ဒီကို အမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၃၀ ရောက်တယ်။ အခု သူတို့ကိုနေရာချပေးထားတဲ့ နေရာမှာပဲ ကွာရန်တင်း ၂၁ ရက် ဝင်ခိုင်းမယ်လို့ပြောတယ်”လို့ ပြောပါတယ်။
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်းကျေးရွာအုပ်စုရှိ ကြပ်ပြေးမြစ်ဝမှာ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်က အထောက်အထားမရှိသူ ၄၂ ဦးနဲ့ ပို့ဆောင်ပေးသူတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ပို့ဆောင်သူတွေကိုတော့ အမှုဖွင့်အရေးယူထားပါတယ်။
သတင်း - နောင်နောင်










