
တောင်ကိုရီးယားမှာ ခွေးသားမွေးမြူ၊ သတ်ဖြတ်၊ ရောင်းချတာကို ၂၀၂၇ ခု ဖေဖော်ဝါရီကစပြီး အပြည့်အဝ ပိတ်ပင်တော့မှာဖြစ်လို့ ဒီနှစ် နွေကာလရဲ့ “ဘိုနယ်” ရာသီဟာ ခွေးသားစားသုံးသူတွေအတွက် နောက်ဆုံးရာသီ ဖြစ်လာပါတယ်။
“ဘိုနယ်” လို့ခေါ်တဲ့ နွေရာသီ အပူဆုံး ၃ ရက်မှာ အားပြန်ဖြည့်တယ်လို့ ယုံကြည်ကြတဲ့ ခွေးသားစွပ်ပြုတ်ကို အစဉ်အလာအရ စားသုံးလေ့ရှိပါတယ်။
ဒါပေမဲ့ အိမ်မွေးတိရစ္ဆာန်မွေးမြူသူ များလာတာနဲ့ တိရစ္ဆာန်အခွင့်အရေးအပေါ် သဘောထား ပြောင်းလာတာကြောင့် ခွေးသားစားသုံးမှုက နှစ်ပေါင်းများစွာ ဆက်တိုက်ကျဆင်းလာပါတယ်။
ဆောင်းနမ်မြို့ မိုရန်ဈေးမှာ ခွေးသားလုပ်ငန်းကို ၃၇ နှစ်ကြာ လုပ်လာတဲ့ စားသောက်ဆိုင်ပိုင်ရှင် လီကန်ချွန်းက ဒီအပြောင်းအလဲဟာ နိုင်ငံရဲ့ပုံရိပ်နဲ့ လူမှုသဘောထားအရ မှန်ကန်တဲ့ဘက်ကို ဦးတည်တာလို့ ပြောပါတယ်။
ဒါပေမဲ့ အသက် ၇၀၊ ၈၀ နဲ့ ၉၀ ကျော် အမြဲတမ်းဖောက်သည်တွေကို စဉ်းစားရင် စိတ်မကောင်းဖြစ်ရတယ်လို့ သူက ဆိုပါတယ်။
မိုရန်ဈေး ကုန်သည်အသင်း ဥက္ကဋ္ဌ ကင်ယောင်ဘုတ်ကလည်း အရင်ကနဲ့နှိုင်းရင် “အခုတော့ တကယ်ကို တိတ်ဆိတ်ခြောက်ကပ်သွားပြီ” လို့ ပြောပါတယ်။
စားသောက်ဆိုင်အများအပြားက ခွေးသားစွပ်ပြုတ်အစား ဆိတ်မည်းစွပ်ပြုတ်လို တခြား ရိုးရာအစားအစာတွေဆီ ပြောင်းနေကြပေမဲ့ လုပ်ငန်းပြောင်းဖို့ မလွယ်ဘူးလို့ ဆိုင်ပိုင်ရှင်တွေက ဆိုပါတယ်။
တောင်ကိုရီးယားလွှတ်တော်က ၂၀၂၄ ခု ဇန်နဝါရီမှာ လူစားသုံးဖို့ ခွေးမွေးမြူ၊ သတ်ဖြတ်၊ ဖြန့်ချိ၊ ရောင်းချတာကို တားမြစ်တဲ့ ဥပဒေကို အတည်ပြုခဲ့ပြီး ၃ နှစ် ကူးပြောင်းကာလ သတ်မှတ်ထားပါတယ်။
အစိုးရစာရင်းအရ လုပ်ငန်း ၅,၆၀၀ ကျော် ဒီဥပဒေကြောင့် သက်ရောက်မှုရှိပြီး ခွေးမွေးမြူရေးခြံ အများစုကလည်း ပိတ်သိမ်းပြီးပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
ဥပဒေကို ၂၀၂၇ ခု ဖေဖော်ဝါရီကစပြီး အပြည့်အဝ အကောင်အထည်ဖော်မှာဖြစ်ပြီး ချိုးဖောက်သူတွေကို ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ်နိုင်သလို သက်ရောက်မှုရှိတဲ့ မွေးမြူသူ၊ ဖြန့်ချိသူနဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေကိုလည်း အစိုးရက အကူအညီပေးမယ်လို့ ကတိပြုထားပါတယ်။
Source: Reuters











