DVB Logo
Home
မြန်မာသတင်း
တရားမဝင်မြန်မာများ စီးလာသည့်ယာဉ် တိုက်မှုကြောင့် ထိုင်းရဲ ၁ ဦးနှင့် ၄ ဦး ဒဏ်ရာရ 
DVB
·
August 31, 2020
တရားမဝင်မြန်မာများ စီးလာသည့်ယာဉ် တိုက်မှုကြောင့် ထိုင်းရဲ ၁ ဦးနှင့် ၄ ဦး ဒဏ်ရာရ 
1 / 5
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လမတ်မြို့နယ်ထဲမှာ ဩဂုတ် ၂၉ ရက်နေ့မနက်က တရားမဝင် မြန်မာနိုင်ငံသားတွေ စီးနင်းလိုက်ပါလာတဲ့ ယာဉ်တစီး မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွားတာကြောင့် ထိုင်းလဝက ရဲဝန်ထမ်း ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦးတို့ ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။ 

ကားပေါ်မှာ ထိုင်းကို အလုပ်လာလုပ်မဲ့ မြန်မာ ၁၃ ဦးလိုက်ပါလာကာ မယ်လမတ်နား အရောက် စစ်ဆေးရေးဂိတ်ကို တိမ်းရှောင်ရင်း ယာဉ်မတော်တဆဖြစ်ခဲ့တာလို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ဆီကို နယ်မြေထဲကနေ သတင်းပို့လာတာကတော့ ဒဏ်ရာရသူက ၄ ယောက်၊ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၃ ယောက်လို့ပြောတယ်။ မြန်မာပြည် ပဲခူးတိုင်းလည်း ပါတယ်၊ မွန်ပြည်နယ်ကလည်းပါတယ်။ ထိုင်းမှာ အလုပ်လာလုပ်ဖို့ ပွဲစားအဆက်အသွယ်နဲ့ ဝင်လာတာ။ မဲဆောက်ရဲ့ မြောက်ဘက်မှာရှိတဲ့ မယ်လမတ်မြို့နယ် ၂ ရပ်ကွက်ထဲမှာ လုံခြုံရေးရဲတွေနဲ့ တွေ့တော့ သူတို့က ကွင်းရှောင်ပြီး သွားရင်းနဲ့ လမ်းဘေးကကားကို ဝင်တိုက်ပြီး ဒဏ်ရာရတာ ဖြစ်တယ်။ ၁ ယောက်ဒဏ်ရာပြင်းထန်တယ်ပြောတယ်၊  သွားတော့ မကြည့်ဖြစ်ပါဘူးခင်ဗျာ။ ”

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရတ်သတင်းထဲမှာတော့ မြန်မာတွေပါလာတဲ့ကားက ဝင်တိုက်မိတဲ့ ကားဟာ တာ့ခ်ခရိုင် လဝကရဲတပ်ဖွဲ့က ရဲတပ်ကြပ်ကြီး ဝမ်းချိုင်း ဆိန်လော်ရဲ့ အနက်ရောင် တိုယိုတာ ဟိုင်းလပ်စ်ကားဖြစ်ပြီး လမ်းဘေးမှာရပ်ထားစဉ် အတိုက်ခံရတာတာကြောင့် ရဲတပ်ကြပ်ကြီးမှာလည်း ဒဏ်ရာအနည်းငယ်ရသွားတယ်လို့ ဆိုပါတယ်။ 

ဒီမတိုင်ခင်က မြန်မာနိုင်ငံထဲမှာ ကိုဗစ် ၁၉ ကပ်ရောဂါကူးစက်မှုအရှိန်မြင့်လာတဲ့အတွက် ထိုင်းနယ်စပ်တလျှောက်လုံး လုံခြုံရေးတင်းကြပ်ဖို့ ထိုင်းအမျိုးသားလုံခြုံရ်းထောက်ကူပြု စစ်ဌာနချုပ်က အမိန့်ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် တာ့ခ်ခရိုင်ရှိ မဲဆောက်၊ မယ်လမတ်၊ အုန်းဖျံ၊ ထာ့ဆောင်ယန်း၊ ဖုပ်ဖရစတဲ့ မြို့နယ် ၅ ခုထဲမှာ ရဲ၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေပါတဲ့ ပူးပေါင်းအဖွဲ့က လုံခြုံရေး စောင့်ကြပ်နေခဲ့ကြောင်း၊ ၂၉ ရက်နေ့ မနက်စောစောက သောင်ရင်းမြစ်ကမ်းဘက်ကနေ မယ်လမတ်မြို့နယ် ဘန့်နမ့်တိပ်ဘက်ကို ကား ၁ စီး ဝင်ရောက်လာခဲ့ကြောင်း၊ ပထမ ၁ စီးဟာ တာဝန်ရှိသူတွေ လမ်းပေါ်ထွက်မလာခင် အရှိန်နဲ့မောင်းပြေးသွားပြီး နောက်ထပ် တစီးရောက်လာကြောင်း၊ အဲဒီ တစ်စီးကလည်း စစ်ဆေးရေးအဖွဲ့ကိုမြင်တော့ လန့်ဖြတ်ပြီး လမ်းဘေးမှာ ရပ်ထားတဲ့ကားကို ဝင်တိုက်တာလို့ ဆိုပါတယ်။ 

ယာဉ်မောင်းသူကတော့ အသက် ၃၀ နှစ်ရွယ် ထိုင်းအမျိုးသားဖြစ်ပြီး လိုက်ပါစီးနင်းလာသူ တွေကတော့ အမျိုးသား ၁၀ ဦး အမျိုးသမီး ၃ ဦးပါ မြန်မာနိုင်ငံသားတွေဖြစ်ကြောင်း၊ ထိုင်းကိုဝင်လာရဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၂၀၀၀ မှ ၁၃၅၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

သူတို့အားလုံးကို နိုင်ငံထဲတရားမဝင် ဝင်ရောက်မှုနဲ့ရော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးဥပဒေတွေနဲ့ အရေးယူသွားမယ်လို့  တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉  ကူးစက်ကာလ နယ်စပ်လုံခြုံရေးတွေတိုးမြှင့်ချထားပေမယ့် တရားမဝင် ဝင်လာသူတွေ ရက်ခြားဆိုသလိုရှိနေပါတယ်။ 

အခုလို ဝင်လာတာဟာ မြန်မာနိုင်ငံထဲက လူတွေအနေနဲ့ သတင်းအချက်အလက်အမှန်ကို မသိရတာကတကြောင်း၊ ပွဲစားတွေကလည်း သူတို့ အလုပ်ဖြစ်ဖို့အတွက် အန္တရာယ်ကို ထိန်ချန်ပြီး လာချင်အောင်စည်းရုံးခဲ့တာဖြစ်ကြောင်း၊ ဒါကြောင့် ပွဲစားအပြောကို မယုံဘဲ တခြားသတင်း အချက်အလက်တွေပါ စုံစမ်းမေးမြန်းသင့်တယ်လို့ ဦးမိုးကြိုးက ပြောသွားပါတယ်။ 

Source:  thairath.co.th 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013