
၂၀၂၆ ခုနှစ်အတွင်း ဂျပန်ရောက် မြန်မာလုပ်သားတွေထံကနေ သတ်မှတ်လမ်းကြောင်းအတိုင်း မိသားစုလွှဲငွေ ၂၅ ရာခိုင်နှုန်း ပေးပို့မှုဟာ အရင်နှစ်ကထက် ထက်ဝက်နီးပါး လျော့ကျသွားတယ်လို့ စစ်အာဏာရှင်ခန့် အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က လူမှုကွန်ရက်ကနေ ထုတ်ဖော်ပြောဆိုလိုက်ပြီး ပတ်စ်ပို့သက်တမ်းတိုးချိန်မှာ အခက်တွေ့လိမ့်မယ်လို့ ခြိမ်းခြောက် သတိပေးပါတယ်။
အဆိုပါပြောဆိုချက်တွေဟာ ဂျပန်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ လက်တွေ့ ငွေကြေး ကွာဟချက်တွေအရ လက်တွေ့မကျဘဲ ပြောဆိုခြိမ်းခြောက်နေတာလို့ ဂျပန်ရောက် မြန်မာအသိုက်အဝန်းက ထောက်ပြ ဝေဖန်နေကြပါတယ်။
ဦးမောင်မြင့်က တရားဝင်ဘဏ်လမ်းကြောင်းကနေ ငွေလွှဲရင် ဂျပန်အစိုးရထံကနေ နှစ်ကုန်မှာ အခွန်ပြန်အမ်းငွေ (Tax Refund) ယန်း ၂၀,၀၀၀ ကနေ ၃၀,၀၀၀ လောက် ပြန်ရနိုင်တာကြောင့် ငွေလဲနှုန်းကွာဟချက်ကို ကာမိတဲ့အပြင် ပိုပြီးတွက်ခြေကိုက်တယ်လို့ ပြောဆိုထားတာပါ။
ဒါနဲ့ပတ်သက်လို့ ဂျပန်ရောက် မြန်မာလုပ်သားတွေကတော့ လက်တွေ့မှာ သတ်မှတ် ဘဏ်ငွေလဲနှုန်းနဲ့ ပြင်ပပေါက်ဈေးကြား ကွာဟချက်ဟာ အဆမတန် ကြီးမားနေတာကြောင့် လစဉ် လွှဲပို့ရမဲ့ငွေပေါ်မှာ ဆုံးရှုံးရတဲ့ပမာဏဟာ တနှစ်မှ တကြိမ်ပြန်ရမဲ့ ဂျပန်အခွန်သက်သာခွင့်ထက် အဆပေါင်းများစွာ ပိုပြီးနစ်နာနေလို့ ဘာမှ အရှုံးခံပြီး လွှဲမှာမဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
ဒါ့အပြင် ဂျပန်အစိုးရရဲ့ မိသားစုထောက်ပံ့မှု အခွန်သက်သာခွင့် ဆိုတာကလည်း တရားဝင် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေကနေ လွှဲပို့တဲ့ အထောက်အထားရှိရုံနဲ့ လျှောက်ထားနိုင်တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဦးမောင်မြင့်က ဂျပန်မှာ ပတ်စ်ပို့မရှိဘဲ ဒါမှမဟုတ် Overstay နဲ့ နေထိုင်လို့ မရတာကြောင့် မဖြစ်မနေ သံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးရမှာဖြစ်ကြောင်း၊ ဒီအချိန်ကျမှ နောက်ကြောင်းပြန် (Backdate) စနစ်နဲ့ ငွေလွှဲအထောက်အထားတွေ စုပေါင်းပေးဆောင်ရရင် ပိုပြီး အခက်တွေ့လိမ့်မယ်လို့ ဖိအားပေး ခြိမ်းခြောက် ပြောဆိုထားပါတယ်။
ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့ တည်ဆဲဥပဒေအရ နိုင်ငံခြားသားတယောက်အနေနဲ့ တရားဝင်နေထိုင်ခွင့်ကတ် သက်တမ်းရှိနေသမျှ ကာလပတ်လုံး မိခင်နိုင်ငံရဲ့ ပတ်စ်ပို့သက်တမ်း ကုန်ဆုံးသွားခဲ့ရင်တောင် Overstay ဖြစ်သွားတာမျိုးမရှိဘဲ တရားဝင် ဆက်လက်နေထိုင် လုပ်ကိုင်ခွင့် ရှိတာကြောင့် သူအခုပြောနေတာတွေဟာ အခြေအမြစ်မရှိဘူးလို့ မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂ (ဂျပန်) က ဦးမြင့်ဆွေက ပြောပါတယ်။
ပြည်ပကို မဖြစ်မနေ ခရီးသွားလာဖို့ လိုအပ်လာရင်လည်း ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) က ထုတ်ပေးတဲ့ ပြည်တွင်းပြန်လည်ဝင်ရောက်ခွင့်စာအုပ် (Re-entry Permit စာအုပ်) ဒါမှမဟုတ် ခရီးသွားလက်မှတ် (Travel Document) လျှောက်ထားကိုင်ဆောင်နိုင်တဲ့ တရားဝင်လမ်းကြောင်းတွေ ရှိနေတာကြောင့် ပတ်စ်ပို့ကိစ္စဟာ ဂျပန်ရောက် မြန်မာတွေအတွက် စိုးရိမ်စရာ မရှိကြောင်းနဲ့ မိမိတို့ကလည်း အကူအညီပေးနိုင်ကြောင်း ဦးမြင့်ဆွေက ရှင်းပြခဲ့ပါတယ်။
လက်ရှိမှာ ပြင်ပပေါက်ဈေးနဲ့ တရားဝင်သတ်မှတ်ဈေးနှုန်း ကွာဟချက်ကို မျှတအောင် ပြင်ဆင်ပေးတာမျိုး မရှိသရွေ့ ဖိအားပေးမှုတွေ ရှိနေပေမဲ့လည်း တရားဝင်လမ်းကြောင်းကနေ ငွေလွှဲပို့မှုဟာ ဆက်လက်ကျဆင်းနေဦးမှာဖြစ်တယ်လို့ ဝါရင့် ဂျပန်ရောက် မြန်မာတွေက ထောက်ပြ သုံးသပ်နေကြပါတယ်။











