ကိုဗစ်-၁၉ အတည်ပြုလူနာ ရဲအုပ်နှင့် ထိတွေ့ခဲ့သူ ၁၁၉ ဦးတွင် ရောဂါပိုးမတွေ့
DVB
·
August 29, 2020

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့ ရဲအုပ်နဲ့ ထိတွေ့ခဲ့သူ ၁၁၉ ဦးရဲ့ ဓာတ်ခွဲနမူနာ စစ်ဆေးချက်အရ ရောဂါပိုး မတွေ့ဘူးလို့ သိရပါတယ်။
ရခိုင်ပြည်နယ် စစ်တွေကနေ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၆၆ လမ်း၊ ၂၈ လမ်း နဲ့၂၉ လမ်းကြားက ရဲအရာရှိ အတတ်သင်ကျောင်းမှာ စခန်းမှူးသင်တန်းလာတက်တဲ့ ရဲအုပ်တစ်ဦးဆီကနေ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
သင်တန်းကျောင်းကို လော့ဒေါင်းလုပ်ထားကာ ပိုးတွေ့လူနာနဲ့အတူ ထိတွေ့ဖူးသူတွေ၊ စခန်းမှူးသင်တန်း အတူတက်သူတွေနဲ့ သင်တန်းဆရာတွေ စုစုပေါင်း ၁၁၉ ဦးရဲ့ နှာခေါင်းတို့ဖက်၊ အာခေါင်တို့ဖတ်တို့ကိုယူပြီး စစ်ဆေးခဲ့ရာ ပိုးမတွေ့ အဖြေထွက်တယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။
အတည်ပြုလူနာနဲ့ ရန်ကုန်ကနေ မန္တလေးကို ကားစီးလာတဲ့အတွက် ကားဒရိုက်ဘာ အပါအဝင် အတူလိုက်ပါစီးနင်းသူတွေကို Quarantine ထားဖို့ လုပ်နေပြီး အပြင်မှာ ထိတွေ့ဖူးသူတွေကို သိရှိအောင်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ သြဂုတ်လ ဒုတိယပတ်ကနေစပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ လူနာတိုးလာကာ အများစုက ပြည်တွင်း ကူးစက်မှုတွေဖြစ်နေတဲ့အတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ စာသင်ကျောင်းတွေပိတ်တာ အပါအဝင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကထုတ်ပြန်တဲ့ သတ်မှတ်ချက်တွေကို တင်းကျပ်တာတွေ လုပ်နေပါတယ်။
မန္တလေးမှာလည်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ပိုမိုစစ်ဆေးတာတွေလုပ်ဖို့ ညွှန်ကြားထားပြီး လူစုလူဝေးကနေ ကူးစက်မှာကို စိုးရိမ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ လူများလာကတည်းက အစိုးရအဖွဲ့က မပိတ်ခိုင်းပေမယ့် မန္တလေး-စစ်တွေ ကားလိုင်းတွေအနေနဲ့ သူတို့သဘောနဲ့ သူတို့ပိတ်တာ၊ ညမထွက်ရ အမိန့်ကို ပြည်သူတွေ လိုက်နာဖို့အတွက် လှည့်ကင်းပတ်ကင်းတွေ ပိုချတာ၊ ကျုံးဘေးမှာ လူစုလူဝေး လမ်းလျှောက်အပန်းဖြေတာကို တားမြစ်တာနဲ့ ဈေးတွေမှာ Mask မတပ်သူတွေကို ပိုမိုအရေးယူတာတွေကိုလည်း လုပ်ဆောင်နေပါတယ်။
နိုင်လင်းဦး