
ရခိုင်ပြည်နယ်ထဲက ပညာရေးဝန်ထမ်းတွေအားလုံးအတွက် ကိုဗစ်-၁၉ ကာလထဲမှာ စားနပ်ရိက္ခာတွေကို အစိုးရက ထောက်ပံ့လိုက်ပါတယ်။
ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို သတိပြုဆောင်ရွက်ရမယ့် ကာလအတွက် စစ်တွေမြို့နယ်ထဲက ပညာရေးမှူးရုံးတွေ၊ ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေသူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အခြေခံပညာဦးစီးဌာနက စာနဲ့ထုတ်ပြန်ခဲ့ပြီး အခုတော့ တပြည်နယ်လုံးအတွက် ထောက်ပံ့တာ ဖြစ်ပါတယ်။
တယောက်စီအတွက် ဆန် ၁၀ ပြည်၊ ဆီ ၁ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာ၊ ပဲ ၅၀ ကျပ်သားနဲ့ ဆား ၁ ပိဿာ ထောက်ပံ့နိုင်ဖို့ ကျပ် ၃၀၀၀၀ နှုန်းစီ သတ်မှတ်ထားပါတယ်။
ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက “သတ်မှတ်ထားတဲ့ ပစ္စည်းတွေကို ငွေ ၃၀၀၀၀ နဲ့ ဝယ်ပြီးပေးဖို့ ညွှန်ကြားထားပါတယ်။ စစ်တွေမှာတော့ ထောက်ပံ့နေပါပြီ။ စုရပ် ၁၃ နေရာ သတ်မှတ်ထားပြီး ပစ္စည်းတွေ လိုက်ပို့ပေးနေပါတယ်” လို့ ပြောပါတယ်။
စစ်တွေမှာတော့ တယောက်စီအတွက် ဆန် ၁၂ ပြည်၊ ဆီ တပိဿာခွဲ၊ ကြက်သွန်နီ တပိဿာ၊ ပဲ ၅၀ သားနဲ့ ဆားတပိဿာစီပေးနိုင်တယ်လို့ သူက ပြောပါတယ်။
တမြို့နဲ့တမြို့ ဈေးနှုန်းမတူကြတာကြောင့် ရတဲ့ ပစ္စည်းပမာဏကတော့ ကွာဟနိုင်တယ်လို့ သူကပြောပြီး အခုလိုပစ္စည်းဝယ်ပေးဖို့ ဦးစီးဌာနက ညွှန်ကြားထားတာလို့လည်း ပြောပါတယ်။
ရခိုင်တပြည်နယ်လုံးမှာ ပညာရေးဝန်ထမ်းပေါင်း ၃၀၃၅၀ အတွက် ဦးစီးဌာန ရန်ပုံငွေကနေ ကျပ်သိန်းပေါင်း ၉၀၀၀ ကျော်ကို ခွဲဝေသတ်မှတ်ပေးလိုက်တာဖြစ်ပြီး ခွင့်ပြုငွေထက် ပိုမသုံးကြဖို့၊ လက်ခံရရှိတဲ့ အထောက်အထားတွေကိုလည်း ပြန်တင်ပြဖို့လည်း ညွှန်ကြားထားပါတယ်။










