
ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ ကိုဗစ်-၁၉ လူသစ် ၁၅ ဦး ထပ်မံစစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာစုစုပေါင်း ၆၄၃ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။
လူနာသစ်တွေကတော့ ရခိုင်ပြည်နယ် ဂွမြို့နယ်က အမျိုးသမီး တစ်ဦး၊ သံတွဲမြို့နယ်က ၆ ဦး၊ မာန်အောင်မြို့နယ်က တစ်ဦး၊ တောင်ကုတ်မြို့နယ်က နှစ်ဦးပါဝင်ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်က ယူအေအီးပြန် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး၊ တာမွေမြို့နယ်က ကိုရီးယားပြန် အမျိုးသားတစ်ဦး၊ မရမ်းကုန်းမြို့နယ်က စင်ကာပူပြန် အမျိုးသား တစ်ဦး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က စစ်တွေပြန် အမျိုးသား တစ်ဦးတို့ ပါဝင်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၄၇၀ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၂၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ ၂၆၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ ၁၈၈ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ ၁၉၄ ခု စုစုပေါင်း ၁,၃၃၄ ခု ကို ဒီကနေ့ ည စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၁၅ ဦး တွေ့ရှိရတာပါ။
ဩဂုတ် ၂၈ ရက်ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၄၃ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၃၄၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၃၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၆၁ ဦးရှိပါတယ်။










