
၅ နှစ်ကျော်ကြာရပ်နားထားတဲ့ ရန်ကုန်မြို့လယ်က Yoma Central စီမံကိန်းကို ပြန်လည်စတင်ဖို့ အစုရှယ်ယာဆိုင်ရာ ဖွဲ့စည်းပုံတွေကို ပြန်လည်ဖွဲ့စည်းဖို့ သက်ဆိုင်ရာအဖွဲ့တွေနဲ့ အပြီးသတ်သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့တယ်လို့ FMI ကထုတ်ပြန်ပါတယ်။
ဒီစီမံကိန်းကို ပြန်လည်စတင်နိုင်ဖို့အတွက် First Myanmar Investment Public Company Limited (FMI) နဲ့ Yoma Strategic Investments Ltd. (YSIL) တို့က စီမံကိန်းဖော်ဆောင်သူ Meeyahta Development Limited (MDL) ရဲ့ ချေးငွေနဲ့ အစုရှယ်ယာဆိုင်ရာ ဖွဲ့စည်းပုံတွေကို ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အဆိုပါသဘောတူညီချက်တွေကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂ ရက်မှာ ချုပ်ဆိုခဲ့တာဖြစ်ပြီး IFC၊ ADB နဲ့ Mitsubishi တို့ရဲ့ စီမံကိန်းအတွင်းရှိ ချေးငွေနဲ့ အစုရှယ်ယာဆိုင်ရာ အကျိုးစီးပွားတွေကို ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
စီမံကိန်းနဲ့နီးစပ်သူတယောက်က “အဲဒီကုမ္ပဏီတွေက ထွက်သွားပြီးတော့ သူတို့ရဲ့ ရှယ်ယာတွေကို ပြန်ဝယ်ယူလိုက်တာပေါ့။ ဒီစီမံကိန်းကို ပြည်တွင်းက လုပ်ငန်းရှင်တွေနဲ့ ပြန်စတင်ဖို့ အစပျိုးနေတာပေါ့။ ချက်ချင်းကြီး ဝုန်းဒိုင်းတော့ မစနိုင်ဘူး။ အချိန်ကတော့ ကြာဦးမယ်။ မလွယ်ဘူး” လို့ ပြောပါတယ်။
Yoma Central ဟာ လူနေအဆောက်အအုံတွေ ရောင်းချခြင်း၊ လက်လီနဲ့ စီးပွားရေးဆိုင်ရာ ဆိုင်ခန်းတွေ ငှားရမ်းခြင်း၊ Business Hotel နဲ့ Serviced Apartments တွေ လုပ်ကိုင်ခြင်းတို့ ပါဝင်တဲ့ စီမံကိန်းတခု ဖြစ်ပြီး စစ်တပ် အာဏာသိမ်းတဲ့နှစ် ၂၀၂၁ နှစ်လယ်ပိုင်းမှာ စီမံကိန်းကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
YSIL နဲ့ FMI တို့က IFC နဲ့ ADB တို့ရဲ့ ချေးငွေတွေကို Settlement Amount အဖြစ် အမေရိကန်ဒေါ်လာ ၅၅ သန်း ပေးချေ ဝယ်ယူသွားမယ်လို့ သိရပါတယ်။
ဒီ Settlement Amount ကို YSIL က ၈၀ ရာခိုင်နှုန်း၊ FMI က ၂၀ ရာခိုင်နှုန်း အချိုးနဲ့ ကျခံမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် YSIL နဲ့ FMI တို့ဟာ IFC နဲ့ ADB တို့ထံမှ ချေးယူထားတဲ့ Shareholder Loans တွေအပြင် MDL မှာ IFC နဲ့ ADB တို့ ပိုင်ဆိုင်ထားတဲ့ စုစုပေါင်း ၁၀ ရာခိုင်နှုန်းသော အစုရှယ်ယာတွေကိုလည်း သဘောတူညီထားတဲ့ အချိုးအတိုင်း ဝယ်ယူသွားမယ်လို့ ဆိုပါတယ်။
အလားတူ Mitsubishi Corporation (MC)၊ Mitsubishi Estate Co., Ltd. (MEC) နဲ့ MMJ Yangon Development Pte. Ltd. (MMJYD) တို့နဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်အရ YSIL နဲ့ FMI တို့ဟာ Mitsubishi Shareholder Loans နဲ့ Mitsubishi Deficiency Loans တွေအပြင် MDL မှာ MMJYD ပိုင်ဆိုင်တဲ့ ၃၀ ရာခိုင်နှုန်းသော အစုရှယ်ယာကိုလည်း စတိတန်ဖိုးနဲ့ ဝယ်ယူသွားမှာပါ။
အဆိုပါ ချေးငွေနဲ့ အစုရှယ်ယာတွေကိုလည်း YSIL နဲ့ FMI တို့က ၈၀:၂၀ အချိုးနဲ့ ဝယ်ယူသွားမယ်လို့ သိရပါတယ်။
အဆိုပါလုပ်ငန်းဆောင်ရွက်မှုတွေ ပြီးမြောက်ဖို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်တွေရဖို့နဲ့ သဘောတူညီချက်တွေမှာ သတ်မှတ်ထားတဲ့ ကြိုတင်လိုက်နာရမဲ့ စည်းကမ်းချက် ပြည့်မီဖို့ လိုအပ်နေသေးတာကြောင့် စီမံကိန်းပြန်လည်စတင်နိုင်ဖို့နဲ့ ပတ်သက်ပြီး FMI အနေနဲ့ အာမခံချက်မပေးသေးနိုင်ဘူးလို့ အသိပေးထားပါတယ်။










