DVB Logo
Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ် ၇ ခု ရေဘေးကြုံနေရ၊ စစ်အာဏာရှင်အစိုးရ ကူညီမှု နှောင့်နှေး
DVB
·
August 11, 2026
Photo: ဧရာဝတီတိုင်း စစ်အာဏာရှင်အစိုးရ
Photo: ဧရာဝတီတိုင်း စစ်အာဏာရှင်အစိုးရ
Donate to DVB

ဇူလိုင်လကုန်ပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ မြစ်ရေကြီးတာတွေကြောင့် ဧရာဝတီ၊ မွန်၊ ကရင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး နဲ့ ရှမ်းပြည်နယ်တို့မှာ ရေကြီးရေလျှံနေပြီး လူဦးရေ သိန်းနဲ့ချီ ရေဘေးဒဏ် ခံစားနေရပါတယ်။

လက်ရှိမှာ ဧရာဝတီဖြစ်ရေအပါအဝင် မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီးတွေမှာ မြစ်ရေ ဆက်တိုးနေတဲ့အတွက် ရေဘေးသင့်ပြည်သူအရေအတွက် ထပ်တိုးလာဖို့ ရှိနေတဲ့အပြင် အကူအညီတွေ အမြောက်အမြား လိုအပ်နေပါတယ်။

ဒါပေမဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးအဖွဲ့ဟာ ရေဘေးဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ ထိထိရောက်ရောက်မလုပ်တဲ့အပြင် အရေးပေါ် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို နှောင့်နှေးကြန့်ကြာနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဇူလိုင် ၃၁ ရက် မနက်အစောပိုင်းက စတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ရေဘေးဟာ ၁၀ ရက်ဝန်းကျင် ကြာလာတဲ့အချိန်မှာ ဘေးပတ်ဝန်းကျင်က မြို့နယ်တွေကိုပါ ကူးစက်လာနေပြီး ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်၊ ဟင်္သာတမြို့တွေနဲ့ ပတ်ဝန်းကျင်က ရွာတွေမှာ ရေဝင်နစ်မြုပ်နေပြီဖြစ်ပါတယ်။

ရေကြည်မြို့ခံတယောက်က “ရေကြည်က တော်တော်လေး အခြေအနေဆိုးလာတယ်။ ကယ်ဆယ်ရေးစခန်း ၁၇ ခု ဖွင့်ထားရတယ်။ အိမ်ထောင်စု ၇၇၀ ကျော်လောက် အဲဒီမှာ ခိုလှုံနေရတယ်။ လူဦးရေ ၃,၀၀၀ ကျော်ပေါ့။ အကူအညီတွေ လိုအပ်နေပါတယ်” လို့ DVB ကို ပြောပါတယ်။

အလားတူ မန္တလေးတိုင်း မတ္တရာမြို့နယ်မှာလည်း ဆည်တော်ကြီး ရေလှောင်တမံ ရေဖောက်ချနေတာကြောင့် ကျေးရွာပေါင်း ရာနဲ့ချီ ရေဝင်နစ်မြုပ်နေပြီး အရေးပေါ်ရွှေ့ပြောင်းကာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရပါတယ်။

လက်ရှိမှာ မတ္တရာရေဘေးကြောင့် မြို့ပေါ်ရပ်ကွက် ၅ ခု၊ ကျေးရွာပေါင်း ၁၃၀ ကျော် ရေဝင်နစ်မြုပ်နေပြီး လူဦးရေ ၁၅,၀၀၀ ကျော် ရေဘေးဒဏ်ခံစားနေရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

အလားတူ စစ်ကိုင်းတိုင်းအတွင်းက သဖန်းဆိပ်ရေလှောင်တမံကနေ ရေလွှတ်နေတာကြောင့် ရွှေဘို၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ခင်ဦး နဲ့ ကောလင်း အပါအဝင် မြို့နယ် ၁၀ ခုမှာ ရေဝင်နစ်မြုပ်နေပြီး လူဦးရေ ၁ သိန်းကျော် ရေဘေးဒဏ်သင့်နေကာ လူ ၂၀ ဝန်းကျင် ရေဘေးကြောင့် အ သက်ဆုံးရှုံးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေဖြစ်တဲ့ မွန် နဲ့ ကရင်မှာလည်း သံလွင်မြစ်ရေ ဝင်ရောက်မှုကြောင့် ဆိုးရွားတဲ့ ရေဘေးအန္တရာယ် ကြုံတွေ့ရနိုင်တဲ့အခြေအနေရှိနေပြီး လက်ရှိမှာလည်း ရပ်ကွက်နဲ့ ကျေးရွာတချို့ ရေဝင်နစ်မြုပ်နေပြီလို့ သိရပါတယ်။

ဘားအံမြို့ခံတယောက်က “ဘားအံမှာ ရေဝင်နေပြီ၊ ကမ်းနားလမ်းတလျှောက်ကတော့ နှစ်တိုင်းလိုလိုကြုံရတာပဲ။ အခုလည်း ဝင်နေပြီ။ မြစ်ရေကလည်း ဆက်တက်ဖို့ရှိနေတယ်” လို့ DVB ကို ပြောပါတယ်။

အလားတူ မြန်မာပြည်အလယ်ပိုင်းက မကွေးတိုင်းထဲမှာလည်း ဧရာဝတီမြစ်ရေတိုးတာကြောင့် မကွေး၊ မင်းဘူးနဲ့ မင်းလှမြို့နယ်တွေမှာ ရေကြီးရေလျှံနေပြီး ရေစကြိုမြို့နယ်ထဲမှာတော့ အိမ်ထောင်စု ၁၅၀ ကျော်နဲ့ ‌လူဦးရေ ၅၀၀ ကျော် ရေဘေးဒဏ်ခံစားနေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ နိုင်ငံတဝန်းက တိုင်းနဲ့ပြည်နယ် ၇ ခုလောက်မှာ လူဦးရေ ၄ သိန်းဝန်းကျင်လောက် ဆိုးရွားတဲ့ ရေဘေးဒဏ်ခံစားနေရပေမဲ့ စစ်အာဏာရှင်အစိုးရက ထိရောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေနဲ့ ကူညီထောက်ပံ့မှုတွေကို လုပ်ဆောင်နေတာ မတွေ့ရပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင် ကိုယ်တိုင်လက်ခံခဲ့တဲ့ လေးမျက်နှာရေဘေးအတွက် ကူညီရေးထောက်ပံ့ငွေပေးအပ်ပွဲမှာ ကျပ်ငွေ ၂၃ ဘီလီယံ ရတယ်လို့ ကြေညာခဲ့ပေမဲ့ လက်ရှိအချိန်ထိ သိသာထင်ရှားပြီး ထိရောက်တဲ့ ထောက်ပံ့မှုတွေ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013