
ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေဖို့အတွက် လူတွေကို ဖမ်းဆီးချုပ်နှောင်တာ၊ ဒါမှမဟုတ် အကြမ်းဖက် ညှဉ်းပန်းနှိပ်စက်တာတွေ ကျူးလွန်သူတွေကို သေဒဏ်အထိ ပေးနိုင်မဲ့ ဥပဒေတရပ်ကို စစ်အာဏာရှင်လွှတ်တော်က ဇူလိုင် ၂၉ ရက်မှာ အတည်ပြုလိုက်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေဟာ "အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ဥပဒေကြမ်း" ကို နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခဲ့ကြောင်း စစ်အာဏာရှင် လွှတ်တော်ရဲ့ နာယက အောင်လင်းဒွေးက ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ပြောသွားခဲ့တာပါ။
အခုအွန်လိုင်းငွေလိမ်လည်မှု တိုက်ဖျက်ရေး ဥပဒေကြမ်းဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာရှင်အစိုးရသစ်က ပထမဆုံး တင်သွင်းတဲ့ ဥပဒေလည်း ဖြစ်ပါတယ်။
အဆိုပါ ဥပဒေကြမ်းအရ တခြားသူတဦးကို အွန်လိုင်းငွေလိမ်လည်မှုတွေ ကျူးလွန်စေဖို့ အဓမ္မ စေခိုင်းခြင်းငှာ အကြမ်းဖက်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်တာ၊ ဒါမှမဟုတ် ရက်စက်စွာ ဆက်ဆံတာတွေကို ပြုလုပ်ပါက သေဒဏ်အထိ ချမှတ်နိုင်ခွင့် ပေးထားသလို အွန်လိုင်းငွေလိမ်ဂိုဏ်းကို ဦးစီးလုပ်ကိုင်သူတွေနဲ့ ဒစ်ဂျစ်တယ်ငွေကြေးသုံးပြီး လိမ်လည်မှု ကျူးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ် တသက်တကျွန်းအထိ ချမှတ်သွားဖို့လည်း ထည့်သွင်း ဖော်ပြထားတာကို တွေ့ရပါတယ်။
ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ စစ်ဒဏ်သင့်နေတဲ့ မြန်မာနိုင်ငံမှာ အောင်မြင် ဖြစ်ထွန်းနေပြီး အရှေ့တောင်အာရှရဲ့ ကြီးထွားနေတဲ့ လိမ်လည်မှု စီးပွားရေးရဲ့ အစိတ်အပိုင်းတခု အဖြစ် တကမ္ဘာလုံးက အင်တာနက် အသုံးပြုသူတွေကို အချစ်ရေးနဲ့ ခရစ်ပတိုငွေကြေး ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုတွေနဲ့ ပစ်မှတ်ထားနေကြတာပါ။
ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ကြေးရှိတဲ့ ဒီအမှောင်ဈေးကွက်ဟာ လာရောက် အလုပ်လုပ်ချင်သူ အမြောက်အမြားကို ဆွဲဆောင်ထားသလို နေရပ်ပြန်ရောက်လာတဲ့ နိုင်ငံခြားသားတွေရဲ့ ထွက်ဆိုချက်အရ မြန်မာနိုင်ငံထဲက စခန်းတွေကို လူကုန်ကူးခံရပြီး လိမ်လည်မှုစခန်းတွေထဲမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ အပါအဝင် တခြားနိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကြောင့် အာဏာသိမ်းစစ်အုပ်စုဟာ ဒီတရားမဝင် လုပ်ငန်းတွေကို နှိမ်နင်းဖို့ ကတိပြုထားပါတယ်။
ဒါပေမဲ့ လေ့လာစောင့်ကြည့်သူတွေကတော့ တရားဥပဒေ စိုးမိုးရေးအရ ဝင်ရောက်စီးနင်းတာတွေနဲ့ ဖမ်းဆီးတာတွေဟာ လိမ်လည်တဲ့ ဂိုဏ်းတွေကို လုပ်ငန်းရပ်ဆိုင်းသွားစေတာမဟုတ်ဘဲ ဒေသတွင်း တခြားနေရာတွေကို ရွှေ့ပြောင်းသွားစေတာပဲ ရှိတယ်လို့ ပြောကြပါတယ်။
ပြီးခဲ့တဲ့ မေလက အများပြည်သူဖတ်ရှုနိုင်ဖို့ ထုတ်ပြန်ခဲ့တဲ့ ဒီဥပဒေမူကြမ်းမှာတော့ "အွန်လိုင်း လိမ်လည်မှုတွေ ပြုလုပ်ဖို့ တခြားသူတယောက်ကို အတင်းအကျပ် ခိုင်းစေဖို့အတွက် အကြမ်းဖက်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်တာ သို့မဟုတ် ရက်စက်စွာ ဆက်ဆံတာ" တွေအတွက် ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်တကျွန်းအပြင် သေဒဏ်ပါ ပါဝင်ပြီး သေဆုံးမှု ဖြစ်ပေါ်စေတဲ့ လိမ်လည်မှု ပြစ်မှုတွေအတွက်တော့ "သေဒဏ် ချမှတ်ရမယ်" လို့ ဖော်ပြထားတာပါ။
မူကြမ်းဥပဒေမှာ "အွန်လိုင်းလိမ်လည်မှု စခန်းတခုကို စီမံခန့်ခွဲသူ" ဒါမှမဟုတ် ခရစ်ပတိုငွေကြေး လိမ်လည်မှုတွေနဲ့ ပြစ်ဒဏ်ကျခံရသူတွေအတွက် အများဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် တစ်သက်တကျွန်း ပြစ်ဒဏ် ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာတော့ သေဒဏ်ပေးမှုတွေကို အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အတိုက်အခံတွေကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ ၂၀၂၂ ခုနှစ် အရောက်မှာ လူ ၁၃၀ ထက်မနည်း သေဒဏ် ချမှတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း လိမ်လည်မှုကြောင့် ဒေါ်လာ ၅ ဘီလီယံထက်မက ဆုံးရှုံးခဲ့ရတယ်လို့ အစီရင်ခံထားတဲ့ တရုတ်နိုင်ငံဟာ အခုနှစ်အတွင်း မြန်မာနိုင်ငံက ကျားဖြန့် အွန်လိုင်းငွေလိမ်စခန်းတွေနဲ့ ဆက်စပ်တဲ့ လိမ်လည်မှု ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံရသူ အနည်းဆုံး ၁၅ ယောက်ကို သေဒဏ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
လတ်တလောမှာတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁၀၀,၀၀၀ ထက်မက သေဆုံးခဲ့ရပြီး တနိုင်ငံလုံးမှာ မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေခဲ့သလို လေ့လာစောင့်ကြည့်သူတွေရဲ့ အဆိုအရ လိမ်လည်သူတွေအတွက် အခိုင်အမာ ကာကွယ်ထားတဲ့ စခန်းတွေထဲမှာ လုပ်ငန်းတွေ ထူထောင်ဖို့ မြေဩဇာကောင်းတဲ့ အခြေအနေကို ဖန်တီးပေးခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နွယ်ဖွား ရာဇဝတ်ဂိုဏ်းတွေဟာ ဒေသတွင်း အွန်လိုင်းလိမ်လည်မှု စီးပွားရေးရဲ့ အဓိက စုဖွဲ့မှု အင်အားဖြစ်ပြီး မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေရဲ့ နယ်စပ်ဒေသတွေနဲ့ အထူးစီးပွားရေးဇုန်တွေမှာ စက်မှုဇုန်အဆင့်ရှိတဲ့ လိမ်လည်မှုစခန်းတွေကို လုပ်ကိုင်နေကြတဲ့ အကြောင်း အခုလအတွင်း ထုတ်ပြန်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒေသတွေမှာ အစိုးရမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာလည်း အဆိုပါ ရာဇဝတ်မှု ဂေဟစနစ်မှာ ပါဝင်ပတ်သက်နေတယ်လို့ အစီရင်ခံစာက ထပ်လောင်း ဖော်ပြထားပါတယ်။
မြန်မာစစ်အုပ်စုဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး အင်တာနက် လိမ်လည်မှုတွေကို တိုက်ဖျက်သွားမယ်လို့ ကတိပြုထားပေမဲ့ ဒေသတွင်း တရားဥပဒေစိုးမိုးရေး အရေးယူ ဆောင်ရွက်မှုတွေဟာ လိမ်လည်မှုကွန်ရက်တွေကို အမြစ်ပြတ်စေခဲ့တာ မဟုတ်ဘဲ နေရာရွှေ့ပြောင်း စီးဆင်းသွားစေခဲ့ရုံမျှသာ ဖြစ်တယ်လို့ UNODC က ဆိုပါတယ်။
ထိုင်းနယ်စပ်အနီးက KK Park နဲ့ ရွှေကုက္ကိုလ် အပါအဝင် အစအန ခိုင်မာပြီးသား လိမ်လည်မှု ဗဟိုချက်တွေကို နှိမ်နင်းခဲ့တာကြောင့် လုပ်ငန်းလုပ်ကိုင်သူတွေကို ကမ္ဘောဒီးယားမှာရှိတဲ့ အဆောက်အအုံတွေဆီ တွန်းပို့လိုက်သလို ဖြစ်ခဲ့တယ်လို့ မှတ်ချက်ပြုထားပါတယ်။
Source: AFP










