Homeမြန်မာသတင်း
ရခိုင်ပြည်နယ် ကုန်စည်စီးဆင်းမှုမပြတ်ရေး ဆုံရပ်မြို့များ၌ ယာဉ်မောင်းလဲလှယ်ရန် ညွှန်ကြား
ရခိုင်ပြည်နယ် ကုန်စည်စီးဆင်းမှုမပြတ်ရေး ဆုံရပ်မြို့များ၌ ယာဉ်မောင်းလဲလှယ်ရန် ညွှန်ကြား
DVB
·
August 27, 2020

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသွားအလာတွေကန့်သတ်လိုက်ပေမယ့် ရခိုင်ပြည်နယ်ထဲမှာ ကုန်စည်စီးဆင်းတာမပြတ်တောက်စေဖို့ ဆုံရပ်မြို့တွေထားပြီး ယာဉ်မောင်းလဲလှယ်ဖို့ ညွှန်ကြားလိုက်ပါတယ်။
သြဂုတ် ၂၄ ရက်မှာ လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနကို ညွှန်ကြား လိုက်တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲကို တခြားတိုင်းနဲ့ ပြည်နယ်တွေကလာတဲ့ ကုန်တင်ကားတွေကို သက်ဆိုင်ရာ မြို့တွေကို တောက်လျှောက်မသွားခိုင်းဘဲ သံတွဲနဲ့ ကျောက်ဖြူခရိုင်တို့အတွက် ဂွ၊ တောင်ကုတ်နဲ့ စစ်တွေ၊ စစ်တွေ၊ မြောက်ဦးနဲ့ မောင်းတောခရိုင်တို့အတွက် အမ်းမြို့ကို ဆုံရပ်မြို့တွေအဖြစ် သတ်မှတ်လိုက်ပါတယ်။
အဲဒီ ဆုံရပ်နေရာတွေမှာ ကားသမားတွေ နားနေနိုင်ဖို့ ကျန်းမာရေးညွှန်ကြားချက်တွေနဲ့ ကိုက်ညီတဲ့ ညအိပ်နေရာ၊ စားသောက်မယ့်နေရာတွေလုပ်ပေးဖို့ကိုလည်း ညွှန်ကြားထားပါတယ်။
ကားသမားတွေမလဲခင်မှာ ကားကို ပိုးသတ်ဆေးဖြန်းဖို့နဲ့ ကားမောင်းနေချိန်မှာ နှာခေါင်းစည်းတပ်ထားဖို့၊ ကားပေါ်က ဆင်းတိုင်း တက်တိုင်း လက်သန့်ဆေးရည်သုံးဖို့ကိုလည်း ကြပ်မတ်သွားရမယ်လို့ ဆိုပါတယ်။
ပြီးတော့ ရခိုင်ပြည်နယ်ကို လာမယ့် ကားသမားတွေကို မလာခင်မှာ ကျန်းမာရေး စစ်ဆေးဖို့နဲ့ သူတို့ မူရင်းဒေသကို ပြန်ရောက်လာတဲ့ အခါမှာလည်း ကျန်းမာရေး စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲက မြို့နယ်အားလုံး Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက်နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ ဩဂုတ် ၁၆ ရက်ကနေ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ လူနာ ၁၈၄ ဦး တွေ့ရှိထားပါတယ်။