ဇွန် ၈ ရက်က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၈ ရှိတဲ့ ငလျင်ကြီးကြောင့် သေဆုံးသူဦးရေဟာ ဇွန် ၁၂ ရက်မှာ ၅၅ ယောက်အထိ မြင့်တက်လာပြီး ပျောက်ဆုံးနေသူ ၃၁ ယောက်ကိုလည်း ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။
ငလျင်ဒဏ် အဆိုးရွားဆုံးခံရတဲ့ ဆာရန်ဂါနီပြည်နယ်မှာ ပိတ်ဆို့နေတဲ့လမ်းတွေကို ရှင်းလင်းနေပါတယ်။
လျှပ်စစ်မီး ပြတ်တောက်နေတဲ့ ဒေသခံတွေဆီ ရိက္ခာနဲ့ သောက်ရေပို့ဖို့ ရဟတ်ယာဉ်တွေကို သုံးနေရတယ်လို့ သိရပါတယ်။
ပြည်နယ်ဘေးအန္တရာယ်ကွပ်ကဲရေးမှူး ရီနီပွန်ဇလန်က “နောက်ဆက်တွဲငလျင်တွေနဲ့ မိုးရွာသွန်းမှုတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခဏရပ်နားထားရတယ်” လို့ ပြောပါတယ်။
“ငလျင်လှုပ်ပြီးနောက် ရက်တော်တော်ကြာသွားပြီဖြစ်လို့ အသက်ရှင်လျက် ပြန်တွေ့ဖို့ဆိုတာ အံ့ဖွယ်တပါးလို ဖြစ်နေပါပြီ။ အလောင်းတွေကို ပြန်ရှာဖို့ကသာ ကျနော်တို့ရဲ့ ရည်မှန်းချက်ပါ” လို့ သူက ဆက်ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဟာ ဇွန် ၁၀ ရက်က ငလျင်ဒဏ်ခံရတဲ့ ဂျင်နရယ်ဆန်းတို့စ်မြို့ကို သွားရောက်ခဲ့ပါတယ်။
မားကို့စ်က မြို့တော်ခန်းမ ပြန်လည်တည်ဆောက်ဖို့အတွက် ပီဆို သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်း) ထောက်ပံ့ပေးမယ်လို့ ပြောပါတယ်။
Source: Reuters










